မတ္တရာနယ်မှာ ဒီရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် လူ အသေအပျောက်တွေ များပြားလာ

ဖေဖော်ဝါရီ ၊ ၂၁ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်း ၊ အောင်မြေသာစံခရိုင် ၊ မတ္တရာမြို့နယ်ထဲကို ဒီရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ထိုးစစ်ဆင် ဝင်ရောက်လာပြီးနောက်ပိုင်း မတ္တရာနယ်မှာ လူအသေအပျောက်တွေ များပြားလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ္တရာနယ် ဒေသခံ တယောက်က ” ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ဒီနှစ် တလပိုင်းမှာ မတ္တရာနယ်ထဲက နေရာတချို့မှာ လူသတ်မှုတွေဖြစ်တယ် ၊ ခြောက်လောင်းပြိုင် ၊ လေးလောင်းပြိုင် ၊ နှစ်လောင်းပြိုင်စတဲ့ လူသတ်မှုမျိုးတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တယ် ၊ အဲ့ဒီ အပြင် မြို့ပေါ်က ဌာနဆိုင်ရာ ရုံးတွေကိုလည်း ဒရုန်းဗုံးတွေချခံရတယ် ၊ အဲ့ဒါကြောင့် နစက လုံခြုံရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ထိုးစစ်ဆင် ဝင်ရောက်လာတယ် ၊ အဲ့ဒီနောက် မတ္တရာနယ်ထဲမှာ ထိတွေ့ ပစ်ခတ်မှုတွေတယ် ၊ ဒီရက်ပိုင်းအတွင်း လူဆယ်​ယောက်ကျော်လောက်ရှိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ၊ မန္တလေးတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က မတ္တရာနယ် ၊ ကျောက်တံတားကျေးရွာနားမှာ မိုင်းလာခွဲတဲ့ လူတယောက် ပစ်သတ်ဖမ်းဆီးခဲ့တယ် ၊ အလောင်း တလောင်းနဲ့ လက်ပစ်ဗုံး တလုံးသိမ်းဆည်ရမိတယ် ၊ အဲ့ဒီ ဖြစ်စဥ် မတိုင်မီ တရက်အလိုကလည်း ကြပ်ပြင်ရွာနားမှာ စစ်ကြောင်းအဖွဲ့ကို မိုင်းနှစ်လုံး ဖောက်ခွဲပြီး တိုက်ခိုက်တယ် ၊ အဲ့ဒီ ဖြစ်စဥ်မှာ အလောင်း တလောင်း လက်ပစ်ဗုံး တလုံး သိမ်းဆည်းရမိတယ် ၊ အဲ့ဒီ အပြင် စကားပင်ရွာ ၊ ဘုန်းကြီးကျောင်းနားမှာ ထိတွေ့တိုက်ခိုက်မှု ထပ်ဖြစ်တယ် ၊ အဲ့ဒီဖြစ်စဥ်မှာ အလောင်း ၈ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ၊ အဲ့ဒီလို နယ်မြေရှင်းလင်းရေး ဆောင်ရွက်တဲ့အခါ အရပ်သားတွေ ထိခိုက်နစ်နာမှုမရှိအောင် အထူးကြပ်မတ်တာ ” လို့ ပြောပါတယ်။

ဒါ့အပြင် စကားပင်ရွာနားက ထိတွေ့တိုက်ပွဲနဲ့ ပတ်သက်ပြီး ဒေသတွင်း လူမှုကွန်ရက်မှာ ဖော်ပြထားတာက စကားပင်ရွာတိုက်ပွဲမှာ PDF သုံးယောက် သေဆုံးခဲ့ပြီး ၊ ရွာသား ငါးယောက် သေဆုံးတယ်လို့ ဖော်ပြထားပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း တောင်ဘက်ခြမ်းမှာရှိတဲ့ မိတ္ထီလာ ၊ ဝမ်းတွင်း ၊ မလှိုင် ၊ နွားထိုးကြီး ၊ မြင်းခြံ ၊ ကျောက်ဆည် ၊ တောင်သာ ၊ ငါန်းဇွန် စတဲ့ မြို့နယ်တွေဘက်မှာလည်း ဒီရက်ပိုင်းအတွင်း ပြည်ခိုင်ဖြိုး ပါတီဝင်တချို့နဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ပစ်သတ်ခံရတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်

Related posts

Leave a Comment

VOM News

FREE
VIEW