ရခိုင်မှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ တိုးလာနေပေမယ့် ဝင်ရောက်ကူညီဖို့ အခက်အခဲနဲ့ ကန့်သတ်ချက်တွေ ရှိနေ

 

ဖေဖော်ဝါရီ ၂၂ – ၂၀၂၄

SN (VOM)

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်တွေနဲ့ ဆေးဝါးကုသဖို့ အခက်အခဲတွေ ရှိနေတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက မနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ နစကတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ တိုးလာနေပေမယ့် ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်တွေ ရှိနေတယ်လို့ United Nations OCHA Myanmar က ထုတ်ပြန် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လကုန်ကတည်းက တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ထွက်ပြေးခဲ့ရတဲ့ အိုးအိမ်စွန့်ခွာရသူတွေထဲက လူဦးရေ နှစ်သောင်းသုံးထောင် နီးပါးဟာ မြို့နယ် ၁၅ မြို့နယ်အတွင်းက နေရာ ၁၄၁ ခုမှာ ရှိနေကြဆဲဖြစ်တယ်လို့ အဲ့ဒီ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ကုန်စည်စီးဆင်းမှုတွေနဲ့ ကုန်းလမ်း ရေလမ်း အားလုံးကို ပိတ်ထားတဲ့အတွက် ပြည်တွင်း၊ ပြည်ပ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကူညီထောက်ပံ့ဖို့ ကြိုးစားရာမှာ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ရှားပါးလာနေလို့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်‌နေသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာတွေကြောင့် ဘဏ်လုပ်ငန်းတွေ၊ မိုင်းဘိုင်း ငွေသွင်း၊ ငွေထုတ် လုပ်ငန်းတွေမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကူညီကယ်ရေးအဖွဲ့တွေအနေနဲ့ ပိုပြီးတော့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

“ရခိုင်မှာက သွားလို့လာလို့မရဘူး။ လမ်းတွေ အကုန်လုံး ပိတ်ထားတယ်။ သွားလာလို့မရအောင် ကန့်သတ်ထားတယ်။ အင်တာနက်၊ ဖုန်းအဆက်အသွယ်ကလည်း အဆင်မပြေတဲ့နေရာများတယ်။ အကုန်လုံးကိုသူတို့က ဖြတ်တောက်ထားလိုက်တာလေ။ အခုက ဖုန်းလိုင်းက မိုင်တဲလ်ရတယ်၊ အမ်ပီတီ ရတဲ့နေရာရတယ်။ တချို့နေရာနဲ့ တချို့နေရာ မတူဘူးလေ။ တချို့နေရာတွေကျတော့ ရတဲ့နေရာရှိတယ်။ အဲ့ဒါကြောင့် အကူအညီတွေ ပေးနိုင်ဖို့ဆိုတာမှာ ကန့်သတ်ချက်တွေ အများကြီး ရှိနေတယ်။ UN-INGO လို ပြင်ပ အဖွဲ့အစည်းတွေ မပြောနဲ့၊ ဒေသတွင်း ပရဟိတအဖွဲ့တွေတောင်မှ တနေရာနဲ့တနေရာ သွားဖို့ဆိုတာ မလွယ်ဘူး၊ ခွင့်ပြုချက် မရဘူး” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

ဒါ့အပြင် International Commitee of The Red Cross Myanmar – ICRC ကလည်း လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ရပ်ရွာပြည်သူတွေဟာ အခြေခံ ကျန်းမာရေးဝန်ဆောင်မှု ရရှိဖို့နဲ့ ဆေးဝါးကုသမှု ရရှိဖို့တို့အတွက် ပိုပြီးခက်ခဲနေတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

ပြင်ပဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ကျန်းမာရေးဌာနတွေမှာ ဆေးဝါးပစ္စည်းတွေ လုံလောက်အောင် ထားရှိနိုင်ရေးကလည်း အရေးကြီးတဲ့ ကိစ္စတရပ်ဖြစ်ပြီး သွားလာခွင့် ကန့်သတ်မှုတွေကြောင့် လူမှုအသိုက်အဝန်းတွေဟာ သူတို့နဲ့အနီးဆုံး ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ နေရာတွေဆီသွားဖို့ ကန့်သတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူတွေ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီစေဖို့နဲ့ လူမှုအသိုက်အဝန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ လျော့ပါးစေဖို့ စစ်တွေမြို့ရှိ သက္ကေပြင် တိုက်နယ်ဆေးရုံကို ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ပေးနေတယ်လို့ ICRC က ဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ သက္ကေပြင်တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတယောက်က “လူနာအရေအတွက် များလာတာနဲ့အမျှ ဆေးဝါးလိုအပ်ချက်ကလည်း မြင့်တက်လာတာပါပဲ။ အထူးသဖြင့် ဆေးဝါးတွေ အရေးပေါ်လိုအပ်လာချိန် ဒီလိုဆေးဝါးပစ္စည်းတွေ ထောက်ပံ့ကူညီပေးထားတော့ ကျွန်မတို့ရဲ့ အခက်အခဲတွေကို အများကြီး လျော့ပါးသက်သာစေတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက်လည်း အဆင်ပြေတယ်” လို့ ပြောပါတယ်။

ICRC အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ တနှစ်တာကာလမှာ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးရာ ဌာန ၁၅ ခုကို ကူညီထောက်ပံ့ပေးခဲ့ပြီး ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူ လူဦးရေ ခြောက်သိန်းခွဲဝန်းကျင်ကို ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ မြို့ပေါ်နဲ့ ကျေးရွာတွေကပါမကျန် ပြည်သူ သုံးသိန်းကျော်ဝန်းကျင် စစ်ဘေးရှောင်နေကြရတာဖြစ်ပြီး စားဝတ်နေရေး ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရသလို ကျန်းမာရေးအတွက် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

Photo Crd : Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW