ဖေဖော်ဝါရီ လကုန်ပိုင်းအထိ မိုးရွာသွန်းမှုတွေ ဆက်လက် ရှိနေနိုင်

ဖေဖော်ဝါရီ ၂၂ – ၂၀၂၄
SN (VOM)

အခု ဖေဖော်ဝါရီ လကုန်ပိုင်းအထိ တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးရွာသွန်းမှုတွေ ဆက်လက် ရှိနေနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

မိုးအများဆုံး ရွာသွန်းနိုင်ခြေရှိတဲ့ ဒေသတွေကတော့ မြန်မာနိုင်ငံ (မြောက်ပိုင်း) ရှိ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း) နဲ့ မြန်မာနိုင်ငံ (တောင်ပိုင်း) ရှိ တနင်္သာရီတိုင်းတို့ဖြစ်ပြီး ကျန်တဲ့ နေရာတွေကတော့ တိမ်ဖြစ်ထွန်းတာတွေလောက်သာ ရှိနိုင်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။

“မြန်မာနိုင်ငံ (မြောက်ပိုင်း) ကချင်တို့ စစ်ကိုင်းတိုင်း (အထက်ပိုင်း) အဲ့ဘက်မှာကတော့ ရွာဖို့အလားအလာ နည်းနည်းများတယ်။ လေး၊ ငါးရက်လောက်တော့ ရွာဖို့ရှိတယ်။ တောင်ပိုင်းစွန်း တနင်္သာရီကတော့ လကုန်လောက်အထိ ခန့်မှန်းထားတယ်။ ဒီကာလ ရွာတဲ့မိုးကတော့ အရမ်းများတာတော့ မရှိပါဘူး။ တခုရှိတာက မြန်မာနိုင်ငံ မြောက်ဖျားစွန်းတွေ မိုးရွာနိုင်တယ်ဆိုတော့ အဲ့ဒီ့မှာက ရေခဲတောင်တွေ ရှိတာဆိုတော့ ရေခဲတွေ အရည်ပျော်ပြီးတော့ ဧရာဝတီမြစ် အဖျားပိုင်းတွေမှာ ရေလေး နည်းနည်းပါးပါး တက်လာဖို့လောက်တော့ ရှိပါတယ်။ ဒါပေမယ့် စိုးရိမ်ရတဲ့အနေအထားတော့ မရှိပါဘူး” လို့ သူက ပြောပါတယ်။

မိုး/ဇလဌာနရဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်၊ နေ့လယ် ၂ နာရီအချိန် ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကချင်ပြည်နယ်မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း) မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းခဲ့ပြီး မှတ်သားဖွယ်ရာ မိုးရေချိန်တွေကတော့ မချမ်းဘောမြို့မှာ ၀ ဒသမ ၂၈ လက်မ၊ ပူတာအိုမြို့မှာ ၀ ဒသမ ၁၁ လက်မ ဖြစ်တယ်လို့ သိရပါတယ်။

“မိုးကတော့ ဒီကာလတွေရောက်တိုင်း မြန်မာနိုင်ငံ တောင်ပိုင်းစွန်း၊ မြောက်ပိုင်းစွန်းတို့ကတော့ ရွာနေကျလို့ပဲ ပြောရမှာပေါ့။ ပုံမှန် ရွာသွန်းတာတွေရှိတော့ ထူးထူးခြားခြားရယ်လို့တော့ မဟုတ်ပါဘူး” လို့ ဦးလှထွန်းက ပြောပါတယ်။

မနက်ဖြန် မနက်အထိ ခန့်မှန်းချက်အရ ကချင်ပြည်နယ်မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း) နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကာ ကချင်ပြည်နယ်မှာ နေရာကွက်ကျား မိုးဆက်လက် ထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

Photo Crd :Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW