မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ ဒီရက်ပိုင်းအတွင်း မိုင်းတွေပေါက်ကွဲလို့ ခရီးသည် ရှစ်ဦးထက်မနည်း ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၂ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ရေပိုးစားကျေးရွာအနီး မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ ဖောက်ခွဲဖျက်ဆီးဖို့ အသင့်ထောင်ထားတဲ့ မိုင်းအလုံး ၃၀ နီးပါးကို မနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်း ၉ နာရီဝန်းကျင်က နစက လုံခြုံရေးအဖွဲ့တွေက ရှင်းလင်းဖယ်ခဲ့ရတယ်လို့ ချောင်းဦးမြို့နယ် ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ရေပိုးစားကျေးရွာနေ ဒေသခံတယောက်က ” မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ လက်လုပ်မိုင်းမျိုးစုံ အလုံး ၂၇ လုံး ကျော်ထောင်ထားတယ် ၊ လမ်းရဲ့ လမ်းလယ်မျဥ်းပေါ်မှာ တည့်တည့် ထောင်ထားတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၃ အထိ သုံးနှစ်အတွင်း မန္တလေး မုံရွာ ကားလမ်းမှာ လမ်းပေါ်မိုင်းပေါက်ကွဲမှုဖြစ်စဥ်တွေ တရာကျော်ဖြစ်ပွားခဲ့တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုတွေကြောင့် ခရီးသွား ပြည်သူ ၃၀ ကျော်သေဆုံးခဲ့ပြီး နှစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ မိုင်းတွေ ထောင်ထားတာနဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” မနေ့က မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ နတ်ရေကန်းကျေးရွာနားက မန္တလေး မုံရွာ ကားလမ်းပေါ်မှာ မိုင်းတွေထောင်ထားတယ်လို့ သတင်းရလို့ သွားရောက်ရှင်းလင်းခဲ့တာဖြစ်တယ် ၊ လက်လုပ်မိုင်း ၂၇ လုံး ၊ ၁၂ ဗို့ ဘက္ထရီ ၈ လုံး ၊ ကီးပတ်ဖုန်း ၅ လုံး ၊ ရီမုခလုပ် ၁ ခု ၊ ဝါယာကြိုးမျိုးစုံ ကိုက် ၅၀၀ သိမ်းဆည်းရမိတယ် ၊ အဲ့ဒီ အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းကလည်း ချောင်းဦးမြို့နယ် ၊ နတ်ရေကန်ကျေးရွာအနီး ၊ မုံရွာ မန္တလေး ကားလမ်းပေါ်မှာ အသင့်ဖောက်ခွဲဖို့ ပြင်ဆင်ထားတဲ့ လက်လုပ်မိုင်း မျိုးစုံ ၃၀ ကျော်ရှင်းလင်းခဲ့ရတယ် ၊ အဲ့ဒီလို မုံရွာ မန္တလေး ကားလမ်းပေါ်မှာ မိုင်းတွေရှင်းလင်း ဖယ်ရှားနေတဲ့ကြားက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်က ချောင်းဦးမြို့နယ်ရဲ့ မြောက်ဘက် အထွက် အောင်ချမ်းရွာနားမှာ မိုင်းကွင်းတခု ပေါက်ကွဲလို့ ကိုရင်လေးတပါးအဝင် ခရီးသွား ပြည်သူ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ဒီရက်ပိုင်းအတွင်း မန္တလေး မုံရွာကားလမ်းမှာ သွားလာနေကြတဲ့ ခရီးသွားတွေအနေနဲ့ အထူး သတိထားသွားလာကြဖို့ မုံရွာခရိုင်ယာဥ်စည်းကမ်း လမ်းစည်းကမ်းကြီးကြပ်မှုကော်မတီက အကြံပြုထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းကလည်း ခင်ဦးမြို့ ၊ မြို့လယ်လမ်းတွေပေါ်မှာ မိုင်းတွေခင်းထားတာကြောင့် အဲ့ဒီ မိုင်းတွေကိုရှင်းလင်းရင်း ပေါက်ကွဲမှုဖြစ်လို့ နစက လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးခဲ့ပါသေးတယ်။

ဓာတ်ပုံ ၊ ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW