ဟားခါးနယ်မှာ CDF-Senthang အဖွဲ့ရဲ့ကားတစီး ပေါက်ကွဲမှုဖြစ်လို့ ကလေးနှစ်ယောက်သေဆုံး ၊ လေးယောက် ဒဏ်ရာရ

 

မတ် ၊ ၁၁ ၊ ၂၀၂၄

SP ( VOM)

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် ၊ ဘွာန်လုံ (Buanlung)ကျေးရွာမှာ မနေ့ မတ် ၁၀ ရက် ညနေပိုင်းက ကားတစီးပေါက်ကွဲမှုဖြစ်ပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဥ်နဲ့ ပတ်သက်လို့ ခရစ်ယာန် သင်းအုပ်ဆရာတယောက်က

” ဖြစ်တာက မနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်မှာဖြစ်တယ် ၊ ဖြစ်ပွားပုံက ဘွာန်လုံရွာကို CDF-Senthang အဖွဲ့က ကားတစီးရောက်လာတယ် ၊ အဲ့ဒီ အချိန် ရွာက ကလေးနှစ်ယောက်က ကားပေါ်တက်ပြီး ဆော့ကစားကြတယ် ၊ ကားပေါ်မှာ ပါလာတဲ့ မိုင်းကို ထိခိုက်မိတာကြောင့် ၊ မိုင်းပေါက်ကွဲပြီး ကလေးနှစ်ယောက် သေဆုံးတယ် ၊ သေဆုံးသူတွေကတော့မောင် ထဘိခ့်ထောင်း အသက် ၇ နှစ် နဲ့ မောင် ဗန်ဗျက်ကျုံး အသက် ၁၃ နှစ်တို့ဖြစ်တယ် ၊ အဲ့ဒီ နှစ်ယောက်ထဲက တယောက်က နေရာမှာတင် ပွဲချင်းပြီးသေတယ် ၊ ကျန်တယောက်က ဆေးရုံအပို့ လမ်းမှာ သေဆုံးတယ် ၊ အဲ့ဒီ အပြင် ဒဏ်ရာရတဲ့သူ လေးယောက်ရှိတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၇ ရက် ညပိုင်းက ချင်းပြည်နယ် မြောက်ပိုင်း ၊ တီးတိန်မြို့ ၊ လွယ်ဘွားလ် ရပ်ကွက် ၊ အထက၂ လမ်းခွဲနားမှာ ဒေသတွင်း လက်နက်ကိုင် CNA အဖွဲ့ရဲ့ ကားတစီး သွားရင်းလာရင်း ပေါက်ကွဲမှုဖြစ်လို့ အဲ့ဒီ ကားပေါ်မှာ လိုက်ပါလာတဲ့ CNA အဖွဲ့က ဒု ဗိုလ် ဆလိုင်း အဲလစ်မာ၊ဆလိုင်း ရိုနာလ် နဲ့ ဆလိုင်းဂျိုးဆွ ဆိုတဲ့ သုံးယောက် သေဆုံးခဲ့ပါတယ်။

ချင်းပြည်နယ်မှာ ၂၀၂၁ ကနေစလို့ ဒီကနေ့အထိ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့ ဖြစ်စဥ်နဲ့ မိုင်းပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သား ကလေး ၊ လူကြီး တရာကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW