ဝမ်းတွင်းမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက် ပစ်သတ်ခံရ

မတ် ၊ ၂၀ ၊ ၂၀၂၄
TT (VOM)

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက်ပစ်သတ်ခံရပြီး ၊ လွန်ခဲ့တဲ့နှစ်တွေကလည်း အုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံရတဲ့ ဖြစ်စဥ် အများအပြားရှိဖူးတယ်လို့ ဝမ်းတွင်း ဒေသခံတွေဆီက သိရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှုးတွေ ပစ်သတ်ခံတာနဲ့ ပတ်သက်လို့ ဒေသခံ ပရဟိတသမား တယောက်က ” မနေ့ ( မတ် ၁၉) ရက် ၊ ညနေပိုင်းက ဝမ်းတွင်းမြို့နယ် ၊ သီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ပု (ဒေသအခေါ် လက်တို မောင်ပု)ဆိုသူ ပစ်သတ်ခံရတယ် ၊ မတ် ၁၄ ရက် ညနေပိုင်း ၇ နာရီဝန်းကျင်က ဝမ်းတွင်းမြို့နယ် ၊ ညောင်အုပ်ဖီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်ဆန်း ၄၂ နှစ်ဆိုသူ ပစ်သတ်ခံရတယ် ၊ စစ်မှုထမ်း ဥပဒေတွေ ပေါ်ပေါက်လာပြီး နောက်ပိုင်း အသတ်ခံရတာ ပိုပြီးများလာတယ် ၊ အရင်ကလည်း ကျောင်းအုပ်ဆရာမ ၊ ဘုန်းကြီး ၊ မြို့နယ်ထွေအုပ် ၊ သတင်းရဲတပ်ဖွဲ့ ၊ ရဲစခန်းမှူး စတာတွေ ပစ်သတ်ခံရဖူးတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်တွေ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ Wundwin Township Revolution Force PDF အဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၃ ရက် ည ၇ နာရီဝန်းကျင်မှာ ဝမ်းတွင်းမြို့နယ်၊ ၁ ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာလမ်းမှာရှိတဲ့ သတင်းတပ်ဖွဲ့ (SB) ရုံးရှေ့မှာပစ်ခတ်ခံရသလို ဇူလိုင် ၄ ရက် ညနေကလည်း ဝမ်းတွင်းမြို့နယ် ရုံးပင်ကုန်းကျေးရွာအနီးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးနဲ့ ရာအိမ်မှူးတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ် ။

ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်းက ၊ ဝမ်းတွင်းမြို့က ထမင်းဆိုင်တခုမှာ ဧည့်သည်တွေကို ထမင်းကျွေးမွေး ဧည့်ခံနေချိန် ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး သေနတ်နဲ ပစ်ခံရလို့ သေဆုံးသလို အောက်တိုဘာ ၉ ရက် ညပိုင်းကလည်း ဝမ်းတွင်းမြို့နယ် မြို့မရဲစခန်းက ရဲစခန်းမှူး ရဲအုပ် စောနိုင်ဦး(ခ)ဗိုလ်စော (ယာယီစခန်းမှူးနှင့်နယ်ထိန်းခေါင်းဆောင်) သေနတ်နဲ့ ၆ ချက် ပစ်သတ်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

၂၀၂၁ ဒီဇင်ဘာ ၁၁ ရက်ကလည်း ဝမ်းတွင်းမြို့နယ်၊ သုံးထောင့်အိုင်ကျေးရွာအုပ်စု၊ကျင်းရွာတွင်နေထိုင်သည့် ညောင်ကားယားကျေးရွာ မူလတန်းကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်စိန်ကြည်(၄၅နှစ်)နဲ့ ခင်ပွန်းဖြစ်သူ ဦးဇော်မိုး(၄၅နှစ် ဆိုသူတွေ ပစ်သတ်ခံရပါသေးတယ်။

မန္တလေးတိုင်း တောင်ပိုင်းမှာရှိတဲ့ ဝမ်းတွင်း ၊ နွားထိုးကြီး ၊ မလှိုင် ၊ တောင်သာ ၊ ငါန်းဇွန် ၊ မြင်းခြံ နဲ့ မန္တလေး မြောက်ပိုင်းမှာရှိတဲ့ မတ္တရာ ၊ စဥ့်ကူး ၊ သပိတ်ကျင်း စတဲ့မြို့နယ်တွေမှာ ဒီနှစ် ၊ နှစ်လအတွင်း လူသတ်မှုတွေ အဖြစ်များတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW