မတ် ၂၂ – ၂၀၂၄
SN (VOM)
ရေသယံဇာတဟာ သက်ရှိအားလုံးအတွက် အခြေခံအကျဆုံး လိုအပ်တဲ့ သဘာဝအရင်းအမြစ်ဖြစ်ပါတယ်။ လူသားတို့အတွက် စားရေရိက္ခာ၊ သောက်သုံးရေနဲ့ ဇီဝမျိုးစုံမျိုးကွဲအားလုံး အပါအဝင် ဂေဟစနစ်ကို အထောက်အပံ့ပြုတဲ့ သက်ရှိသတ္တဝါတို့အတွက် ရေလုံလောက်စွာရရှိရေးဟာ အရေးကြီးလှပါတယ်။
‘ရေ’ ဆိုတာဟာ လူသားအားလုံးအတွက် မရှိမဖြစ် အရေးအကြီးဆုံးပါ။ ဒါ့အပြင် လူမှုအသိုင်းအဝိုင်းထဲ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ရာမှာလည်း ရေက အဓိက အရေးပါပါတယ်။
ဒါ့ကြောင့် ရေရှားပါးလာမှု၊ ရေထုညစ်ညမ်းမှု၊ သောက်သုံးရေချို လျော့နည်းလာမှု စတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အစီအစဉ်အရ ၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံမှာ ပထမဆုံး အဆိုပြုခဲ့ပြီး နှစ်စဉ် မတ်လ ၂၂ ရက်နေ့ကို “ကမ္ဘာ့ရေနေ့” (World Water Day) အဖြစ်သတ်မှတ်ခဲ့ကာ ပထမဆုံးသော “ကမ္ဘာ့ရေနေ့” ကို ၁၉၉၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ စတင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခု ၂၀၂၄ ခုနှစ် World Water Day အတွက် ဆောင်ပုဒ်ကတော့ “Water for PEACE” (ငြိမ်းချမ်းရေးအတွက် ရေကို အသုံးချခြင်း) ဖြစ်ပါတယ်။ သောက်လို့သုံးလို့ရနိုင်တဲ့ ရေသန့်ရရှိရေးနဲ့ ရေချိုအရင်းအမြစ်တွေကို စဉ်ဆက်မပြတ် စီမံခန့်ခွဲရေး စတဲ့ အချက်တွေဟာ အရေးကြီးကြောင်း ဒီ “ကမ္ဘာ့ရေနေ့” က ဖေါ်ပြနေပါတယ်။
ရေရှားပါးမှုဖြစ်စေတာဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးလာပြီး စိမ်းလန်းစိုပြည်မှုမရှိ၊ သစ်ပင်၊ သစ်တောတွေ ပြုန်းတီးစေမှု စတဲ့ သဘာဝဝန်းကျင် ပျက်စီးယိုယွင်းမှုတွေနဲ့ ဆက်စပ်နေပြီး အပြန်အလှန် သက်ရောက်မှုကိုလည်း ဖြစ်စေပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစီရင်ခံထားချက်အရ ကမ္ဘာ့လူဦးရေရဲ့ လေးပုံ တပုံဟာ အန္တရာယ်ကင်းအောင် စီမံထားတဲ့ သောက်ရေ မရရှိကြသေးဘူးလို့ သိရပါတယ်။ ဒါဟာ ကမ္ဘာပေါ်က လူသန်း နှစ်ထောင်လောက်ဟာ သောက်ရေသန့် မရရှိသေးဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ သောက်သုံးရေစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိတာဟာ ကမ္ဘာ့အဓိက ပြဿနာတွေ ကောင်းမွန်တိုးတက်လာစေရေးမှာ နှောင့်နှေး ကြန့်ကြာစေတယ်လို့ ပညာရှင်တွေက မှတ်ချက်ပြုကြပါတယ်။
နှစ်စဉ် ကမ္ဘာပေါ်မှာ လူပေါင်း ရှစ်သိန်း သုံးသောင်းလောက်ဟာ ရေကြောင့်ဖြစ်ရတဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေနဲ့ သေဆုံးလျက်ရှိတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။ အများစုက ငါးနှစ်အောက်ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။ အန္တရာယ်ကင်းတဲ့ သောက်သုံးရေနဲ့ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တရပ်ရှိမယ်ဆိုရင် ဒီသေဆုံးမှုတွေကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ရေအရင်းအမြစ် (ဒါမှမဟုတ်) ရေရရှိနှုန်း (လူတဦး ရရှိတဲ့ သုံးစွဲနိုင်တဲ့ရေပမာဏ) ဟာ များပြားပြီး တနှစ်ကို နှစ်သောင်းလေးထောင် ကုဗမီတာ ရှိတယ်လို့ သိရပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အဆိုအရ ထုတ်ယူရေပမာဏ စုစုပေါင်းဟာ ရရှိနိုင်တဲ့ ပြန်လည် အသုံးပြုနိုင်တဲ့ အရင်းအမြစ်တွေရဲ့ ၅ ရာခိုင်နှုန်းအောက်မှာ ရှိနေတယ်လို့ သိရပါတယ်။
ခန့်မှန်းခြေအရ လျော့နည်းရေပမာဏရဲ့ ၉၁ ရာခိုင်နှုန်းဟာ မြေပေါ်ရေမှဖြစ်ပြီး ၉ ရာခိုင်နှုန်းကတော့ မြေအောက်ရေမှ ဖြစ်တယ်လို့ သိရပါတယ်။ ကဏ္ဍအလိုက် ရေထုတ်ယူမှုနှုန်းဟာ စိုက်ပျိုးရေးကဏ္ဍက ၈၉ ရာခိုင်နှုန်းဝန်းကျင်၊ မြို့တွေက ၁၀ ရာခိုင်နှုန်းနဲ့ စက်မှုလုပ်ငန်းတွေက ၁ ရာခိုင်နှုန်း ဖြစ်တယ်လို့ သိရပါတယ်။
“မြို့ကလူတွေ တော်တော်များများက ခလုတ်လေးဖွင့်တာနဲ့ ရေအလွယ်ရနေတော့ ခုခေတ်မှာ ရေသုံးတာမဟုတ်ဘဲ ဖြုန်းသလိုဖြစ်နေတယ်။ ရေကို ချွေတာဖို့၊ ရေရဲ့ အရေးကြီးပုံကိုသိဖို့ လိုတယ်။ နောက်တခု နှစ်တိုင်းဖြစ်နေကျ ပြဿနာက နွေရာသီရောက်ပြီဆိုရင် ကျေးလက်နေပြည်သူတွေက ရေရှားပါးမှုဒဏ်ကို အဆိုးဆုံး ရင်ဆိုင်နေရတယ်။ ဒါ့ကြောင့် သောက်သုံးရေ ဖူလုံရေးအတွက် ထိရောက်တဲ့ ရေရှည်စီမံချက်တွေ ချမှတ် အကောင်အထည်ဖော် ပေးသင့်တယ်” လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တယောက်က ပြောပါတယ်။
မြို့ပြတွေ တိုးချဲ့တည်ဆောက်ခြင်း၊ စက်မှုလုပ်ငန်းတွေ ထူထောင်ခြင်းနဲ့ သဘာဝသစ်တောတွေကို လွန်ကဲစွာ ခုတ်လှဲခြင်းဟာ ရေရှားပါးရခြင်းရဲ့ အခြေခံအကြောင်းတရားတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။ ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် အပူလွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မိုးကြီးခြင်း၊ ရေကြီးခြင်း၊ ဆီးနှင်းတွေကျခြင်း၊ ရေခဲတောင်တွေ အရည်ပျော်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။
အဲ့ဒီ့လို သဘာဝလွန်ဖြစ်ရပ်တွေ အကြိမ်ကြိမ် ဖြစ်ပွားမှုဟာ သဘာဝ ရေအရင်းအမြစ်ကို ထိန်းသိမ်းထားနိုင်စွမ်း နည်းပါးလာစေတယ်လို့ သိရပါတယ်။ အဲ့ဒီ့ရဲ့ အကျိုးဆက်အနေနဲ့ကတော့ ရေရှားပါးခြင်းဆိုတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေတာပါ။
ဒါ့အပြင် မြို့ပြတွေမှာ စက်ရေတွင်းတွေ လွန်ကဲစွာ တူးဖော်ခြင်းဟာလည်း မြေအောက်ရေအရင်းအမြစ်ကို ဆုတ်ယုတ်စေတယ်လို့ သိရပါတယ်။ ရေဟာ ကမ္ဘာ့စီးပွားရေး လုပ်ငန်းတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိတယ်လို့ သိရပါတယ်။
စက်ရုံတွေမှ ထုတ်လွှတ်တဲ့ စွန့်ပစ်ဓာတုပစ္စည်းတွေကို မြစ်၊ ချောင်းတွေနဲ့ ပင်လယ်သမုဒ္ဒရာတွေအတွင်းကို စွန့်ပစ်လေ့ရှိကြတယ်လို့ သိရပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေကို အအေးခံခြင်းနဲ့ ထုတ်ကုန်ပစ္စည်းကို တင်ပို့ရာမှာလည်း ရေလမ်းကိုသာ အသုံးပြုကြရပါတယ်။ ဒါ့ကြောင့် စနစ်တကျ စီမံခန့်ခွဲမှုတွေနဲ့သာ အနာဂတ်ရေရှားပါး ပြတ်လပ်မှုပြဿနာကို ကြိုတင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
“နွေရာသီမှာ ရေရှားပါးပြတ်လပ်မှု ကြုံတွေ့ရတဲ့ ဒေသတွေဟာ မိုးရာသီမှာ ရေအောက်ကြမ်းပြင် ဖြစ်သွားလေ့ရှိပါတယ်။ ဒီအခြေအနေမျိုးကို ကျေးလက်နေပြည်သူတွေ နှစ်စဉ် ကြုံတွေ့နေကြရတာ ဖြစ်တယ်။ ဒါ့ကြောင့် ရေရှားပါးမှုနဲ့ ရေလွှမ်းမိုးမှုဒဏ်ကနေ ကင်းဝေးရလေအောင် မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ဆောင်ရွက်သွားဖို့လည်း လိုအပ်တယ်” လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျေးလက်ဒေသအများအပြားအပါအဝင် မြို့ပေါ်ရပ်ကွက်အချို့တွေမှာ နှစ်စဉ် မတ်လကနေ မေလအတွင်းမှာ သောက်သုံးရေရှားပါးမှုတွေကို ကြုံတွေ့ခံစားနေကြရတာ ဆယ်စုနှစ်ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခု ၂၀၂၄ ခုနှစ်မှာလည်း စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ တနင်္သာရီ စတဲ့ တိုင်းတွေအပါအဝင် ရခိုင်နဲ့ ကယားပြည်နယ်ဘက်က ဒေသအချို့မှာ သောက်သုံးရေ ပြတ်လတ်မှုတွေ စတင် ကြုံတွေ့နေကြရပါပြီ။
ဒီအထဲမှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေလည်း ပါဝင်နေကြပြီး အသက်ဘေးလွတ်ရာ စစ်ရှောင်နေရတဲ့အတွက် သူတို့ ရောက်ရှိရာ ဒေသတချို့မှာ သောက်သုံးရေရှားပါးမှုဒဏ်တွေကို ခံနေကြရပါတယ်။ ဒီထဲက စစ်ကိုင်းတိုင်းရဲ့ အခြေအနေကို ထုတ်နုတ်ဖော်ပြရရင် ဒေသခံတွေ ပုံမှန်သုံးစွဲနေကျတွင်းတွေ၊ ကန်တွေမှာ ရေမရှိသလောက် နည်းပါးနေပါပြီ။
ဒါက နှစ်စဉ်နှစ်တိုင်း မရိုးနိုင်တဲ့ အကြောင်းတရားတွေထဲကဘတခုပါ။ ဒါကြောင့် သူတို့ဟာ လက်ယက်တွင်းတွေကနေ ရနိုင်တဲ့ စိမ့်ရေကို ရှာဖွေသုံးစွဲကြရပါတယ်။ မုတ်သုန်မိုး အဝင်နောက်ကျနေတာကလည်း ပြဿနာတခုဖြစ်ပါတယ်။
မိုးလေဝသပညာရှင်တွေ (အထူးသဖြင့်) ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီး ဦးထွန်းလွင် မကြာခဏပြောဆို သတိပေး ကောက်ချက်ချခဲ့တဲ့အတိုင်းပဲ မြန်မာနိုင်ငံဟာ တနှစ်ထက်တနှစ် ပိုပူလာပြီး မုတ်သုန်ကအဝင်နောက်ကျလာပြီး အထွက်စောလာပြီ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းက ကျေးရွာအတော်များများဟာ နွေရာသီရောက်တိုင်း ရေရှားတာကို ကြုံရပါတယ်။ ဒီပြဿနာက တနှစ်ထက်တနှစ် အတော့်ကို ဆိုးရွားလာတယ်လို့ သိရပါတယ်။ အခုဆို တိုက်ပွဲဖြစ်နေတဲ့အတွက် နှစ်တိုင်းလာကြတဲ့ ပရဟိတအဖွဲ့တွေလည်း ရောက်မလာကြတော့လို့ ရေအလှူလည်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်နေတာမို့ နှစ်ဘက်လက်နက်ကိုင်တပ်တွေရဲ့ ပိတ်ဆို့စစ်ဆေးတာတွေကြောင့်လည်း ရေရဖို့ ပိုပြီး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သောက်ရေက လှည်းပေါ်ကို ပုံးဝါတွေတင်ပြီးတော့ သီးသန့်သွားခပ်ရတယ်။ တခါတလေ လက်ယက်တွင်းမှာ။ လက်ယက်တွင်းကို တချို့ကစိမ့်ရေလို့လည်း ခေါ်တာပေါ့။ တူရွင်းတွေနဲ့တိုက်တူးရပါတယ်။ ကျပ်မြေထဲက ထွက်တဲ့ ဒီရေကိုနှစ်စဉ်နှစ်တိုင်း ချွေတာပြီး သုံးစွဲနေကြရတာပေါ့။ ရေက ရှားလွန်းတော့ သောက်သုံးဖို့တောင် အနိုင်နိုင်လေ။ သင်္ကြန် ရေဘယ်ဆော့နိုင်မှာလဲ” လို့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှ ဒေသခံတယောက်က ပြောပါတယ်။
နွေရာသီရောက်ပြီဆိုတာနဲ့ ကျေးလက်နေပြည်သူတွေ (အထူးသဖြင့်) မြစ်၊ ချောင်း၊ အင်းအိုင်နဲ့ ဝေးကွာတဲ့ ဒေသတွေမှာ နေထိုင်သူတွေအတွက် ခေါင်းအခဲရဆုံး ပြဿနာဟာ သောက်သုံးရေရှားပါးမှုပဲ ဖြစ်ပါတယ်။ နွေရာသီမှာ ရေရှားပါးမှု ကြုံတွေ့ရတဲ့ တချို့သော ဒေသတွေမှာ နေ့စဉ် သုံးရေရရှိရေးအတွက် မဆိုထားနဲ့ သောက်ရေ ဖူလုံရေးအတွက်ကိုတောင် အခက်အခဲ များစွာ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
ကျေးလက်နေ ပြည်သူတွေဟာ သောက်သုံးရေ တပုံး၊ တအိုး ရရှိဖို့အတွက် မိုင်ပေါင်းများစွာ ဝေးကွာတဲ့ နေရာတွေဆီ ပင်ပန်းကြီးစွာ သွားရောက်ကာ ရေခပ်ကြရလေ့ရှိပါတယ်။ နွေရာသီမှာ အိမ်မွေး တိရစ္ဆာန်တွေ ဖြစ်တဲ့ ကျွဲ၊ နွားတွေနဲ့အတူ ရေရှိတဲ့ မြစ်၊ ချောင်း၊ အင်းအိုင်နဲ့ ရေကန်ရှိတဲ့ နေရာတွေဆီ သွားရောက် နားခိုရလေ့ရှိပါတယ်။
တကယ်တမ်းတော့ သက်ရှိတွေအတွက် “ရေ” သာလျှင် အရေးပါဆုံးသောအရာ ဖြစ်ပါတယ်။ ဓာတုဒြပ်ပေါင်းတခုဖြစ်တဲ့ ရေမော်လီကျူးတခုမှာ ဟိုက်ဒရိုဂျင် အက်တမ်တခုနဲ့ အောက်ဆီဂျင်အက်တမ် နှစ်ခု (H2O) တို့ပေါင်းစပ် ပါဝင်ကြောင်းကို ငယ်စဉ်ကတည်းက ဓာတုဗေဒဘာသာရပ်မှာ သင်ကြားခဲ့ရပါတယ်။
ရေကို သတ်မှတ်အပူချိန်နဲ့ ဖိအားအောက်မှာ အရည်အဖြစ် တွေ့ရလေ့ရှိပါတယ်။ ဒါ့ပြင် ရေခဲ၊ ရေခိုးရေငွေ့၊ နှင်းခဲ၊ မြူငွေ့နဲ့ တိမ်တိုက်အဖြစ်လည်း ရပ်တည်နေပါတယ်။ ကမ္ဘာ့မြေမျက်နှာပြင် ၇၀ ရာခိုင်နှုန်းကျော်ကို ရေထုနဲ့ ဖုံးလွှမ်းထားရှိပြီး ရေအများစုဟာ ပင်လယ်သမုဒ္ဒရာတွေမှာ စုဖွဲ့ တည်ရှိနေကြပါတယ်။
ပြောင်းလဲနေတဲ့ ရာသီဥတုကြောင့် မိုးနည်းခြင်း၊ မိုးခေါင်ခြင်းတို့ဟာ သဘာဝအလျောက် မြေအောက်ရေ ပြန်ပြည့်ခြင်းကို လျော့နည်းစေပါတယ်။ မိုးရေစိမ့်ဝင်မှု နည်းတဲ့အခါ အမြဲစီးမြစ်ချောင်းတွေ ရေတိမ်ဒေသတွေ ရေကန်တွေထဲမှ ရေတချို့ မြေအောက်ကို စိမ့်ဝင်ကြပါတယ်။ မိုးနည်းခြင်းကြောင့် မြေအောက်ရေကို ထိခိုက်သလိုပဲ မိုးများလွန်းတာကြောင့် လျှံတက်လာတဲ့ ရေတွေဟာ တွင်းတိမ်၊ တွင်းနက်တွေထဲကိုဝင်ကာ ညစ်ညမ်းစေပါတယ်။
မြေပေါ်ရေကို ရေလှောင်ကန်တွေမှာ သိုလှောင်သလိုပဲ မြေအောက်ရေကို စနစ်တကျ စီမံ ဖြည့်တင်းခြင်း (Managed aquifer recharge – MAR) ဟာ ကုန်ကျသလောက် အကျိုးရှိပြီး ရေငွေ့ပျံဆုံးရှုံးမှု မရှိတဲ့အပြင် သဘာ၀ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူးလို့ သိရပါတယ်။ အကျိုးများတာကြောင့် ကမ္ဘာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ခန့်အတွင်း မြေအောက်ရေကို စနစ်တကျ စီမံဖြည့်တင်းခြင်းဟာ ဆယ်ဆလောက် များပြားလာတယ်လို့ သိရပါတယ်။
လူသားတွေ နေ့စဉ်အသုံးပြုနေကြတဲ့ ရေချိုထဲက ၇၀ ရာခိုင်နှုန်းဝန်းကျင်ကို စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အသုံးပြုနေကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေဆိုတာ လူသားတွေအတွက်လိုအပ်တဲ့ သီးနှံရိက္ခာအစားအစာ ထုတ်လုပ်ပေးနေတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေက လူတဦးရဲ့ တနေ့စာစားနပ်ရိက္ခာ ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ရေပမာဏက ပျမ်းမျှအားဖြင့် ၂၀၀၀ လီတာ မှ ၅၀၀၀ လီတာကြားအထိ ရှိပါတယ်။
နောက်တနည်း မြင်သာအောင်ပြောရရင် လူတဦးရဲ့တရက်တာစားနပ်ရိက္ခာဖူလုံဖို့ စိုက်ပျိုးရေးလုပ်ငန်းတွေက သီးနှံရိက္ခာထုတ်လုပ်မယ်ဆိုရင် လိုအပ်တဲ့ ရေပမာဏဟာ တလီတာ ဝင်ဆန့်တဲ့ရေသန့်ဘူးပေါင်း ၂၀၀၀ မှ ၅၀၀၀ ကြားမှာရှိနေတယ်လို့ ပြောရမှာပါ။
ဒါ့အပြင် လူတဦးရဲ့ နေ့စဉ် လုံလောက်စွာ သောက်သုံးတဲ့ ရေပမာဏဟာ အဲ့ဒီ့လူရဲ့ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းရာမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ နေ့စဉ် သောက်ရေဖန်ခွက် ရှစ်ခွက်မှ ၁၀ ခွက်ခန့်အထိ သောက်သုံးသူဟာ ကျန်မာရေးကောင်းမွန်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ ရေ ၁၃ ခွက် (၃ လီတာခန့်) အထိ သောက်သုံးသင့်ပြီး အမျိုးသမီးတွေဟာ ကိုးခွက် (၂ ဒသမ ၂ လီတာခန့်) အထိ သောက်သင့်တယ်လို့လည်း ဆိုထားပါတယ်။
စင်စစ်အားဖြင့် ‘ရေ’ ဟာ လူတဦးရဲ့ ကျန်းမာရေးအတွက် များစွာ အရေးပါလျက်ရှိပါတယ်။ ဒါ့ပြင် ရေဟာ လူ့ကိုယ်ခန္ဓာမှာ အဓိကကျတဲ့ အစိတ်အပိုင်းတရပ် အနေနဲ့လည်း ပါဝင်နေပါတယ်။ လူတဦးရဲ့ ကိုယ်ခန္ဓာအရွယ်အစားပေါ် မူတည်ပြီး ရေ ၅၅ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ဦးနှောက်နဲ့ နှလုံးမှာ ရေ ၇၃ ရာခိုင်နှုန်း ပါဝင်ပြီး အဆုတ်မှာတော့ ၈၃ ရာခိုင်နှုန်းအထိ ပါဝင်တယ်လို့ သိရပါတယ်။
လူတဦးဟာ ရေကို ဖူလုံစွာ သောက်သုံးထားရင် ဦးနှောက်၊ ခန္ဓာကိုယ်ဆဲလ်တွေ၊ အစာခြေစနစ်၊ နှလုံး၊ ကျောက်ကပ်နဲ့ ကြွက်သားတွေရဲ့ လုပ်ဆောင်ချက်တွေကို အထောက်အကူ ဖြစ်စေရုံသာမက အသားရေခြောက်ခမ်းမှု၊ ပြင်ပရောဂါပိုးဝင်မှုတို့ကိုပါ ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်အပူချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
ဒါ့အပြင် ရေကိုလုံလောက်စွာ သောက်သုံးခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှု လျော့ပါး သက်သာစေခြင်း၊ စိတ်ရွှင်လန်းစေခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ မူးဝေအော့အန်တဲ့ ဝေဒနာမှ သက်သာစေခြင်း၊ အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်းမှ ကင်းဝေးခြင်း၊ ကိုယ်ခန္ဓာအလေးချိန် လျော့ကျစေခြင်း၊ အဆိပ်အတောက် ဖြစ်ပွားနိုင်မှုမှ လျော့ပါးစေခြင်း၊ ကိုယ်ခန္ဓာအေးမြမှုကို ထိန်းချုပ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးပေါင်း များစွာကိုလည်း ရရှိစေပါတယ်။
သန့်ရှင်းတဲ့ ‘ရေ’ ရှားပါးလာတဲ့ ကမ္ဘာမြေကြီးရဲ့ ၇၀ ရာခိုင်နှုန်းဟာ ရေနဲ့ ဖုံးလွှမ်းလျက်ရှိပေမယ့်လည်း သန့်ရှင်းတဲ့ သောက်သုံးရေကတော့ အလွန်အမင်း ရှားပါးလျက်ရှိပါတယ်။ ကမ္ဘာ့ရေထုရဲ့ ၃ ရာခိုင်နှုန်းလောက်သာ သန့်ရှင်းတဲ့ သောက်သုံးရေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ကမ္ဘာ့လူဦးရေ ၂ ဒသမ ၄ ဘီလီယံခန့်ဟာ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အူရောင်ငန်းဖျား ဖြစ်ပွားခြင်းနဲ့ ရေနဲ့ ဆက်စပ်တဲ့ အခြားရောဂါတွေ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် ကလေးငယ်အများစုအပါအဝင် နှစ်စဉ် လူ ၂ သန်းခန့်ဟာ ဝမ်းရောဂါနဲ့ သေဆုံး နေကြရတယ်လို့ သိရပါတယ်။
ဒါ့ပြင် ကမ္ဘာလူဦးရေ ၄ ဘီလီယံခန့်ဟာ ရေရှားပါးမှုဒဏ်ကို တနှစ်ကို အနည်းဆုံး တလခန့် ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ လူဦးရေ ၂ ဘီလီယံကျော်ဟာ ရေဖူလုံမှု မရှိတဲ့ နိုင်ငံတွေမှာ နေထိုင်ရလျက်ရှိပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကမ္ဘာတဝန်းမှာ ရေရရှိရေးအတွက် နည်းလမ်းကောင်းတွေ တိုးတက် လာပေမယ့်လည်း လူဦးရေ သန်း ၁၀၀၀ ခန့်ဟာ သန့်ရှင်းတဲ့ သောက်သုံးရေ မရှိနိုင်သေးတဲ့အပြင် ကျန်သန်း ၂၅၀၀ ခန့်ဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ရေကို ဖူလုံစွာ မရရှိကြသေးဘူးလို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။
ဒါ့ပြင် လာမယ့် ၂၀၂၅ ခုနှစ်ရောက်ရှိချိန်မှာ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်ဟာ ရေကိုအခြေခံတဲ့ ရောဂါတွေနဲ့ ရင်ဆိုင်ရမယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုထားပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲဒေသတွေမှာ ရေလိုအပ်ချက်ဟာ ၅၀ ရာခိုင်နှုန်း ကျော်လွန်မယ်လို့ ဆိုပါတယ်။
အနာဂတ်မှာ ကြုံတွေ့ရနိုင်တဲ့ စစ်ပွဲတွေဟာ နိုင်ငံရေးကြောင့် မဟုတ်ဘဲ သောက်သုံးရေရရှိရေးကို အကြောင်းပြုပြီး ဖြစ်ပွားလာမှာဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။ လူဦးရေတိုးပွားလာမှုဟာလည်း ရေရှားပါးရခြင်းရဲ့ အခြေခံ အကြောင်းရင်းတခု ဖြစ်ပါတယ်။ ရေရှားပါးမှု ကြုံတွေ့နေရပြီး ဖြစ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ၂၀၅၀ ပြည့်နှစ်မှာ လူဦးရေသန်း ၃၅၀၀ ခန့်ဟာ ရေရှားပါးပြတ်လပ်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။ ဒါ့ကြောင့် ရေအရင်းအမြစ်တွေကို အချိန်မီ စနစ်တကျ ထိန်းသိမ်း ကာကွယ်မှုမရှိတော့ ရေရှားပါးပြတ်လပ်မှု ပိုမို မြင့်မားလာမှာ ဖြစ်ပါတယ်။
ရေအသက်တမနက် ထမင်းအသက်ခုနစ်ရက်၊ ရေငတ်တုန်း ရေတွင်းထဲကျ၊ ရေစီးတခါ ရေသာ တလှည့်၊ ရေများရာ မိုးရွာ၊ ရေများရေနိုင် မီးများမီးနိုင်၊ ရေမြင့်လေ ကြာတင့်လေ၊ ရေနစ်သူ ဝါးကူလို့ထိုး၊ ရေစုန် ရွက်တိုက်၊ ရေနိမ့်ရာစီး မီးမြင့်ရာလောင်၊ ရေမနောက် ကြာမလျှောက် စသဖြင့် ရေနဲ့ စကားပုံတွေကို မြန်မာမှုနယ်ပယ်မှာ တွင်တွင်ကျယ်ကျယ်ကို သုံးစွဲလျက်ရှိပါတယ်။ ရေမရှိရင် သက်ရှိအားလုံး ရှင်သန် ကြွင်းကျန်နိုင်မှာ မဟုတ်ပါဘူး။
စင်စစ်အားဖြင့် မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်နေပြည်သူတွေ ဖြစ်ကြပါတယ်။ အဲ့ဒီ့ ကျေးလက်နေ ပြည်သူအများစုဟာ နှစ်စဉ် နွေရာသီမှာ သောက်သုံးရေရှားပါးမှုဒဏ်ကို ခါးစည်းခံရလေ့ရှိကြပါတယ်။ ဒါ့ကြောင့် နိုင်ငံသား တဦးတယောက်ချင်းစီ အနေနဲ့ နွေရာသီမှာ သောက်သုံးရေ ဖူလုံစေရေးအတွက် ကြိုတင် မျှော်တွေးကာ ကိုယ်စီ အသိစိတ်ဓာတ်ရှိရှိနဲ့ တန်ဖိုးရှိတဲ့ ရေကို စနစ်တကျ ချွေတာ သုံးစွဲသွားစေချင်ပါတယ်။
တချို့ပြောကြတာက ငွေကိုရေလိုသုံးတဲ့ဘဝ ရချင်တယ်တဲ့ တကယ်ရေရှားတဲ့အရပ်မရောက်ဘူးသူတွေပြောတဲ့ စကားဖြစ်မှာပါ။ ရေတကယ်ရှားရင် ငွေရှိတောင် ဝယ်ဖို့ခက်တာမို့ ငွေရှာရခက်တဲ့ ခေတ်ကြီးမှာ ရေကို ငွေလိုသုံးပါလို့သာ သတိပေးပါရစေ။