မင်းလှမြို့နယ် ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ ဥက္ကဌ ပစ်သတ်ခံရ

မတ် ၂၆-၂၀၂၄
TT (VOM)

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ် ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ ဥက္ကဌဖြစ်သူဟာ ဒီနေ့ မတ် ၂၆ ရက် ၊ ညနေ ၃ နာရီဝန်းကျင်က သူ့ရဲ့စျေးဆိုင်ခန်းမှာ ရှိနေစဥ် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

” မင်းလှမြို့နယ် PPP ပါတီ ဥက္ကဌ ဦးမျိုးမြင့်အောင်ဆိုသူ ပစ်သတ်ခံရတာဖြစ်တယ် ၊ ချက်ချင်းသေဆုံးတာ မဟုတ်ဘူး ၊ ဆေးရုံရောက်မှ သေဆုံးတာ ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

မင်းလှမြို့ခံ နိုင်ငံရေး အသိုင်းအ ဝိုင်းက ” ပစ်သတ်ခံရတယ်ဆိုတဲ့ ဦးမျိုးမြင့်အောင် ဆိုသူဟာ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီက မင်းလှနယ်မှာ ပြည်ခိုင်ဖြိုး ပါတီရဲ့ အမှုဆောင်တယောက်ဖြစ်တယ် ၊ နောက်မှ PPP ပါတီကို ကူးပြောင်းသွားတယ်လို့ သိရတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းက မင်းလှနယ်မှာ စစ်သားစုဆောင်းရေးတပ်က ဗိုလ်ကြီး တယောက်အပါအဝင် ရပ်/ ကျေး အုပ်ချုပ်ရေးမှုး ပစ်သတ်ခံရတဲ့ ဖြစ်စဥ်တွေ ပေါ်ပေါက်ပြီးနောက် ဦးမျိုးမြင့်အောင်ဟာ PPP ပါတီကနေ နူတ်ထွက်ကြောင်း စာတင်တယ်လို့ သတင်းတွေထွက်လာတယ် ၊ အဲ့ဒီလို ပါတီကနေ နူတ်ထွက်ပြီးကြောင်း သတင်းတွေထွက်ပေါ်ပြီးနောက် ငါးလအကြာမှာ အခုလို ပစ်သတ်ခံရတာဖြစ်တယ်” လို့ ပြောပါတယ်။

အဲ့ဒီ PPP ပါတီ မြို့နယ် ဥက္ကဌ ပစ်သတ်ခံရတဲ့ ဖြစ်စဥ်ကို မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ သြဂုတ် ၂၀ ရက် ၊ ည ၁၀ နာရီဝန်းကျင်က စစ်ကိုင်း တိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မုံရွာ-ဂန့်ဂေါ ကားလမ်းက ဒေသအခေါ် ( အောက်) လယ်ဓမ္မကျေးရွာမှာနေတဲ့ ပြည်သူ့ရှေ့ဆောင် (PPP) ပါတီရဲ့ ရပ်/ ကျေး စည်းရုံးရေးမှူး မဆွေ ၄၂ နှစ် ဆိုသူဟာ ၊ သူ့ရဲ့နေအိမ်မှာ အိပ်ပျော်စဥ် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက သတင်းပေးဒလန်လို့ စွပ်စွဲပြီး ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ဇွန် ၁၁ ရက်က မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ ဆင်ပေါက်လှရပ်ကွက် ၊ အောင်သပြေ ၈ လမ်းမှာနေထိုင်တဲ့ ပြည်သူ့ရှေ့ဆောင် (PPP) ပါတီရဲ့ ရပ်/ ကျေး လူငယ်စည်းရုံးရေးမှူး ကိုဖုန်းကျော်ဆိုသူဟာ နေအိမ်ကနေ ရုတ်တရက်ပျောက်ဆုံးသွားပြီးနောက် ၊ နောက်ငါးရက်အကြာ ဇွန် ၁၆ ရက်နေ့မှာ ဓားဒဏ်ရာ ၁၃ ချက်နဲ့ သေဆုံး ပုပ်ပွနေတာကို မိသားစုက တွေ့ရှိရတယ်လို့ သိရပါတယ်။

၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဥ်တွေ ပေါ်ပေါက်ပြီး နောက်ပိုင်း ပြည်သူ့ရှေ့ဆောင် (PPP) ပါတီဝင်တချို့ဟာ နစက အဖွဲ့ရဲ့ သတင်းပေးဒလန်လို့ စွပ်စွဲ သတ်ဖြတ်ခံရတာတွေရှိတယ်လို့ မှတ်တမ်းေတွအရ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW