ကလေးတက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေ ပြန်လည်လွတ်မြောက်လာ ၊ ပါချုပ်အပါအဝင် ဝန်ထမ်း ၃၀ ကျော်ကို ဆက်လက်ထိန်းသိမ်းထား

မတ် ၊ ၂၇ ၊ ၂၀၂၄
SP ( VOM)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က ၊ စစ်ကိုင်းတိုင်း ကလေးမြို့၊ ကလေးတက္ကသိုလ်ကျောင်းကနေ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ဖမ်းခေါ်သွားတဲ့ သူတွေထဲက ကျောင်းသား ကျောင်းသူတွေကို တလကြာ ထိန်းသိမ်းထားပြီးနောက် မနေ့ မတ် ၂၆ ရက်က နေရပ်ပြန်လွတ်ပေးခဲ့ပြီး ကျန်ရှိနေတဲ့ ပါမောက္ခချုပ်အပါအဝင် ပညာရေးဝန်ထမ်း ၃၀ ကျော်ကိုတော့ PDF အဖွဲ့က ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တီးတိန်နယ်က ကျောင်းသားမိဘ တယောက်က ” ရွာက ကလေးတွေတော့ ပြန်ရောက်လာကြပြီ ၊ ကျောင်းပြန်ဆက်တက်ဖို့တော့ မသေချာသေးဘူး ၊ တချို့ ကျောင်းသားတွေက ရွာကို သူတို့ဘာသာ သူတို့ ပြန်မလာကြတာလို့ ကလေးတွေ ပြောပြချက်အရ သိရတယ် ၊ အခုထိတော့ ဆရာ ၊ ဆရာမတွေကို ပြန်မလွတ်သေးဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က အဖမ်းခံရတဲ့ အထဲပါသွားတဲ့ ကလေး တက္ကသိုလ် ပညာရေး ဝန်ထမ်းတယောက်ရဲ့ မိသားစုက ” အဖမ်းခံရတဲ့ ဆရာ ၊ ဆရာမတွေ အခုထိ ကောင်းမွန်စွာရှိနေသေးတယ် ၊ ကျန်းမာရေးလည်း ကောင်းကြတယ် ၊ မိသားစုဝင်တယောက်အနေနဲ့ အထူးစိုးရိမ်မိတာက လွိုင်ကော် တက္ကသိုလ်မှာ အဖမ်းခံရတဲ့ ဝန်ထမ်းတွေလို ချုပ်နှောင်ပြီး ထောင်ချလိုက်မှာပဲ ပူပန်နေရတာ ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်က ကယားပြည်နယ် ၊ လွိုင်ကော် တက္ကသိုလ်မှာ တာဝန်ထမ်းနေတဲ့ ပညာရေးဝန်ထမ်းတွေအပါအဝင် လူ နှစ်ရာကျော်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သူတို့ရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ ရက်ပိုင်းအကြာမှာ လူ တရာကျော်ကို အသုတ်လိုက်ခွဲပြီး ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်က ပါမောက္ခချုပ် ဦးအောင်ခင်မြင့် အပါအဝင် ဝန်ထမ်း ငါးယောက်ကို ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ၉ သိန်းစီ ကယားပြည်နယ် ဒေသတွင်း လက်နက်ကိုင် PDF ရဲ့ တရားရေးဌာနက အမိန့်ချလိုက်တဲ့ ဖြစ်စဥ် ၊ ဖြစ်ခဲ့ဖူးပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW