ကျိုက်မရော ဓမ္မသရွာမီးလောင်၊ လက်ရှိအချိန်ထိ အိမ်တရာကျော်မီးထဲပါနေ ငြှိမ်းမရသေး

ရန်ကုန် – မတ် – ၂၇ – ၂၀၂၄
GG (VOM)
မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ်ထဲက ဓမ္မသရွာမှာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာကနေ မီးလောင်မှု ဖြစ်ပွားေနပြီး လက်ရှိအချိန်ထိ အိမ်​ခြေ တရာကျော်လောက်မီးလောင်ပျက်စီးသွားပြီ လို့သိရပါတယ်။
ညနေ့ ၃ နာရီခွဲလောက်ကတည်းက စတင်လောင်တဲ့မီးက ခုချိန် ည ၉ နာရီေကျာ်အထိ မီးကဆက်လက်ကူးစက်လောင်နေကြောင်း ၊ နယ်မြေလုံခြုံရေးအခြေအနေတွေအရ မီးသတ်ကား များများ လာရောက်ငြိမ်းသတ်နိုင်ခြင်းမရှိတာကြောင့် မီးလောင်ကျွမ်းမှုက ခုချိန်ထိ မငြိမ်းသတ်နိုင်သေးဘူးလို့ ဒေသခံက ဆိုပါတယ်။
” ခုထိမီးလောင်တုန်းပဲ ရေပုံးနဲ့လောင်းသူလောင်းပဲရှိတော့တယ်။ ပရဟိတအသင်းကားတွေလည်း မနိုင်တော့လို့ လက်လျှော့လိုက်ပြီ၊ထိုင်ကြည့်နေရတဲ့အခြေအနေဖြစ်သွားပြီ၊ ညနေထဲကလောင်တာအခုထိ လောင်တုန်းပဲ၊ ရွာရဲ့အိမ်တဝက်ကျော်လောက်ပါသွားပြီ၊လေကလည်းတအားကိုတိုက်နေတော့ မီးလောင်အားကပိုကောင်းနေတဲ့သဘောရှိတယ်၊ လက်နက်ကြီးကျလို့ လောင်တာ ” လို့ ဓမ္မသရွာမီးလောင်မှုကို ကူညီငြိမ်းသတ်ခဲ့တဲ့ ဒေသခံတဦးကပြောပြပါတယ်။
လက်နက်ကြီးကျရောက်မှုကြောင့် ဓမ္မသရွာထဲက ၄ လမ်းမှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး အဲ့ဒီကမှတဆင့် ၅လမ်း၊ ၇လမ်း၊ ၈ လမ်း၊ ၁၀ လမ်း စတဲ့နေအိမ်တွေကို မီးထပ်မံကူးစက်ကာလောင်ကျွမ်းနေတာဖြစ်တယ်လို့သိရပါတယ်။
” အခုက လမ်းတွေထဲလည်းဝင်လို့မရတော့ဘူး မလွယ်တော့ဘူး။ အိမ်တွေကလည်းစိပ်တယ်၊ သစ်သားအိမ်လည်းများတယ်၊ လေကလည်းတိုက်တော့ ဘယ်လိုမှမနိုင်ဘူး။မီးသတ်ကားကလည်းမလာနိုင်တော့ မီးကထိန်းမနိုင်ဘူးဖြစ်နေတယ်။ခုကညပိုင်းလည်းရောက်ပြီဆိုတော့ဒေသခံတွေလည်း အဆင်မပြေကြတော့ဘူး ” လို့ နောက်ထပ် ဒေသခံတဦး ကပြောပါတယ်။
ဓမ္မသရွာ မီးလောင်ကျွမ်းမှု အခြေအနေပြင်းထန်တာကြောင့် နေအိမ်တွင်းပိတ်မိသူတွေရှိပြီးကယ်ဆယ်ရေးလည်းမလုပ်နိုင်တာကြောင့် ထိခိုက်ဒဏ်ရာရ ရှိသူနဲ့ သေဆုံးသူတွေလည်းရှိနိုင်တယ်လို့ သိရပါတယ်။
ဓမ္မသရွာမီးလောင်မှုမှာ နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုများသလို တန်ဘိုးရှိပစ္စည်းတွေ ၊အစားအစာတွေလည်း မီးလောင်ဆုံးရှုံးမှုရှိနေပါတယ်။
ကော့ကရိတ်၊ ကော့ဘိန်းမြို့မှာ ဖြစ်နေတဲ့ စစ်တပ်နဲ့ PDF ပူးပေါင်းတပ်တွေအကြား ​တိုက်ပွဲကြောင့် ဓမ္မသရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာမီးလောင်ကျွမ်းခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
ဓမ္မသရွာမှာ သစ်သား ပျဥ်ထောင်အိမ်နဲ့ နှစ်ထပ်တိုက်အိမ် အပါအဝင် လူနေအိမ်ပေါင်း ၃၀၀ ကျော်လောက်ရှိပြီး လက်ရှိမှာအိမ်ခြေ တရာကျော်လောက်အထိမီးထဲပါသွားပြီဖြစ်ပါတယ်။
မီးကတော့ခုချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW