ဂွမြို့နယ်မှာ ကလေးခိုး လူသတ် အလောင်းဖျောက် ပစ္စည်းယူသူကို ဖမ်းမိ

မတ် ၊ ၂၇ ၊ ၂၀၂၄
SP ( VOM)
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့နယ်က ၊ ကလေးတယောက်ကို ခိုးယူပြီးနောက် လူသတ် အလောင်းဖျောက် ပစ္စည်းယူမှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရသူကို မနေ့ မတ် ၂၆ က ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့က ဂွမြို့နယ် ၊ ကင်းပုံရွာက ၊ ကလေးပျောက်မှုမှာ ကလေးခိုး ၊ လူသတ် ၊ အလောင်းဖျောက် ၊ ပစ္စည်းယူသူကို မနေ့က သံတွဲနဲ့ ရွှေလှေကြားမှာ ဂွမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ် ၊ ဖမ်းဆီးရမိသူက ဇေယျာဦး ဆိုသူဖြစ်တယ် အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်တယ် ” လို့ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အဲဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကလေးပျောက်ဆုံးသူ မိသားစုအသိုင်းအဝိုင်းက ” ဂွမြို့နယ် ၊ ကင်းပုံကျေးရွာမှာနေတဲ့ ကိုမိုးဝင်း မတင်ဇာမြင့်တို့ရဲ့သား မောင်ခန့်ဘုန်းမြတ် ခေါ် သားပု အသက် ၁၃ နှစ် ကလေးဆိုသူ ပြီးခဲ့တဲ့ မတ် ၂၁ ညနေပိုင်း ၃ နာရီက ပျောက်သွားတာဖြစ်တယ် ၊ စုံးစမ်းကြည့်တော့ အသက် ၃၀ ဝန်းကျင် အရွယ် (အမျိုးသား) လူကြီးတယောက်က ခေါ်သွားတာလို့ သိရတယ် ၊ အဲဒီနောက် သုံးရက်အကြာ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က ကမ်းသာယာနားက ချောင်းပေါက်ထဲမှာ ဦးခေါင်းထုနှက်သတ်ဖြတ်ထားတဲ့ ဒဏ်ရာတွေနဲ့ ပုတ်ပွသေဆုံးနေတာ ပြန်တွေ့ရတယ် ၊ မောင်ပုလေး (သေဆုံးသူ) စီးသွားတဲ့ ဆိုင်ကယ်လည်း ပျောက်နေတယ် ” လို့ ပြောပါတယ်။
ရဲစခန်းနဲ့ နီးစပ်သူတယောက်က ” လောလောဆယ်တော့ စစ်ဆေးနေဆဲဖြစ်တယ် ၊ သေဆုံးသူ ကလေးရဲ့ ဆိုင်ကယ်က သူပေါင်စားထားတယ်လို့ ကနဦး သိရတယ် ” လို့ ပြောပါတယ်။
ဖြစ်စဥ်ကို ဂွမြို့နယ်ရဲတပ်ဖွဲ့ရုံးက လူပျောက်မှု ၊ လူသတ်မှု ၊ အလောင်းဖျောက်ဖျက်မှု ၊ ပစ္စည်းလုယူမှု စတာတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
​ဒီနှစ်စပိုင်းကစလို့ နိုင်ငံအဝှမ်းမှာ အသက် ၁၀ နှစ်အောက် ကလေးသူငယ်တွေ ပျောက်ဆုံးမှုဖြစ်စဥ်တွေ များပြားလာတယ်လို့ လူမှုကွန်ရက်ပါ ဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်က စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ အောင်သစ္စာရပ်ကွက်နေ မမေဇင်ကျော် ၄ နှစ်ဆိုသူဟာ ပျောက်ဆုံးပြီး သုံးရက်အကြာမှာ သူတို့နေအိမ်နားက လူမနေတဲ့ ခြံဝန်းတခုထဲက ကွန်ကရစ် ရေကန်ထဲမှာ နားကွငတဖက်ပျောက်ဆုံးကာ သေဆုံးပုတ်ပွနေတာကို ပြန်တွေ့ရသလို ပဲခူးတိုင်း ၊ ဒိုက်ဦးမြို့နယ် ၊ ရှမ်းစုကျေးရွာမှာနေတဲ့ မောင်ဇွဲမာန်သစ် ၃ နှစ် ဆိုသူဟာ ပျောက်ဆုံးပြီး သုံးရက်အကြာ ကားလမ်းကူးရတဲ့လမ်းရဲ့တဖက်မှာရှိတဲ့ ရေသေအိုင်းတခုထဲကနေ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးနေတာကို ပြန်တွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကလည်း မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ၊ ကျောက်စိမ်းဘုရား အနီး ၊ ဥယျာဥ်အိမ်ယာတည်ဆောက်ရေး လုပ်ငန်းခွင်နေရာနားမှာ ပြည်ကြီးတံခွန်မြို့ ၊ ဂ ရပ်ကွက်မှာနေတဲ့ ၄ နှစ်အရွယ် ကလေးတယောက်ကို အမျိုးသားတယောက်နဲ့ အမျိုးသမီးနှစ်ယောက်က သိန်းငါးရာနဲ့ ပြန်ပေးဆွဲလာတဲ့ ဖြစ်စဥ်တခု ဖြစ်ခဲ့ပါသေးတယ် ။
ဓာတ်ပုံ ၊ ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW