နစက အာဏာရယူပြီး နောက်ပိုင်း လေယာဥ်ပျက်ကျမှုဖြစ်စဥ် ဆယ်ကြိမ်ထက်မနည်းရှိခဲ့

မတ် ၊ ၂၇ ၊ ၂၀၂၄
TT (VOM)

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစလို့ ဒီကနေ့အချိန်ထိ နစက အစိုးရအဖွဲ့ လက်ထက်မှာ လေယာဥ်ပျံနဲ့ ရဟတ်ယာဥ်ပျက်ကျမှုဖြစ်စဥ်ပေါင်း ဆယ်ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

မနေ့ မတ် ၂၆ ရက် ၊ မနက်ပိုင်းက မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့နယ် ၊ ပြည်သာယာအနီး တပ်မတော် (လေ) လေ့ကျင့်ရေး ရဟတ်ယာဥ်ငယ်တစီး စက်ချို့ယွင်းကာ ပျက်ကျခဲ့တယ်လို့ သိရပြီး အဲ့ဒီ ရဟတ်ယာဥ်ပေါ်မှာ သင်တန်းဆရာနဲ့ သင်တန်းသားတယောက်လည်းပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်မှာ ရဟတ်ယာဥ် ထိခိုက်ပျက်စီးတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက် ၊ မွန်းလွဲ ၁ နာရီဝန်းကျင်က မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ် လက်မဲကန်အနောက်ဘက် တည်သီးကန် ကွင်းအမှတ် ၅၈၅ ကြို့ဝန်းကြီးကျေးရွာအနီး လေ့ကျင့်ရေး လေယာဥ်တစ်စင်း စက်ချို့ယွင်းလို့ ပျက်ကျခဲ့ပြီး လေယာဥ်မှူးနဲ့ တွဲဘက်လေယာဥ်မှူး နှစ်ယောက်ဟာ အဲ့ဒီ လေယာဥ်ပေါ်ကနေ လေထီးနဲ့ ခုန်ချ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက် ၊ နေ့လယ် ၂ နာရီဝန်းကျင်က ၊ ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ကို ၊ တပ်အချိန်းအပြောင်းအတွက် လာရောက်တဲ့ ရဟတ်ယာဥ် နှစ်စီးအနက် ရဟတ်ယာဥ်တစီးဟာ မြေပြင်ကနေ ဝေဟင်ပစ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးပြီး ပျက်ကျခဲ့တဲ့အပြင် စစ်တပ် အရာရှိကြီး တဦးအပါအဝင် ငါးယောက်ထက်မနည်း ထိခိုက်ခဲ့ပါသေးတယ်။

ဇန်နဝါရီ ၂၃ ရက်ကလည်း ၊ အိန္ဒိယနိုင်ငံ ၊
မီဇိုရမ်ပြည်နယ်ထဲကိုဝင်ရောက်လာတဲ့ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်တဲ့ မြန်မာလေယာဥ်တစီးဟာ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့ ၊ လောင်ပွီး (Lengpui) လေဆိပ်မှာ ကွင်းဆင်းတဲ့အချိန် ပြေးလမ်းချော်ပြီးနောက် အနီးက တောထဲကို လေယာဥ်ရောက်သွားပြီး လေယာဥ်ပြေးလမ်းပေါ်ဆင်းသက်နိုင်ခြင်းမရှိပဲ လေယာဥ်ကွင်းနားက တောထဲမှာ ကျရောက်ခဲ့တာကြောင့် လေယာဥ်ထိခိုက်ပျက်စီးကာ လိုက်ပါလာသူ လူရှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် ဒေသတွင်း သတင်းတွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက် ၊ မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ကချင်ပြည်နယ် ၊ လိုင်ဇာမြို့နားက နာဖော့ နစက စစ်အခြေစိုက် စခန်းကို ရိက္ခာတွေ ထောက်ပို့ပေးခဲ့တဲ့ ထောက်ပို့ရေး ရဟတ်ယာဥ် တစ်စီး ပျက်ကျခဲ့ပြီး လိုက်ပါခဲ့တဲ့ လေသူရဲ ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်မှာ လေယာဥ်မှူး နှစ်ဦး စီးနင်းလိုက်ပါလာတဲ့ တိုက်ခိုက်ရေးသုံး အပေါ့စား လေယာဥ်တစီး စက်ချို့ယွင်းပြီး ပျက်ကျသွားကာ လေယာဥ်မှုး နှစ်ယောက် လေထီးနဲ့ခုန်ချလွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် လေသူရဲ တယောက်ကိုပဲ နစက လုံခြုံရေးအဖွဲ့က ကယ်ဆယ်နိုင်ပေမယ့် ကျန်တယောက်ကိုတော့ ကယ်ဆယ်နိုင်ခြင်းမရှိဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီ ၁၆ ရက် ၊ ၁၁ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ အုန်းတောကျေးရွာရဲ့ အရှေ့ဘက်နားက ေရမျက်ကြီးအင်းထဲမှာ အပေါ့စား လေ့ကျင့်ရေး လေယာဥ် တစီးပျက်ကျပြီး လေသူရဲ နှစ်ယောက် ေသဆုံးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ က ချင်းပြည်နယ် ဟားခါးမြို့နားမှာ ဌာနဆိုင်ရာ ပြောင်းရွေ့ဝန်ထမ်းတွေ လိုက်ပါလာတဲ့ ရဟတ်ယာဥ်တစီး ကွင်းအဆင်းမှာ လေကြောင်း မငြိမ်မသက်မှုတွေကြောင့် ပျက်ကျခဲ့ပေမယ့် ထိခိုက်ဒဏ်ရာတော့ မရဘူးလို့ သိရပါတယ်။

နစက အစိုးရအဖွဲ့ တက်အပြီး ၂၀၂၁ ဇွန် ၁၀ ရက် ၊ မနက်ပိုင်းက မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ် အနီးစခန်းလေဆိပ်ကိုဆင်းတဲ့ စစ်တပ်ပိုင် လေယာဉ်တစီး ပျက်ကျပြီး၊ ဆရာတော်ကြီးတစ်ပါးနဲ့ အရာရှိတွေ အပါအဝင် လေယာဉ်ပေါ်လိုက်ပါလာသူ ၁၂ ယောက် သေဆုံးသွားတဲ့ဖြစ်စဥ်လည်း ဖြစ်ခဲ့ပါတယ်။

” နစက အစိုးရအဖွဲ့တက်ပြီး မကြာခင် လပိုင်းအတွင်းမှာ ပြင်ဦးလွင် အနီးစခန်း လေဆိပ်နားမှာ လေယာဥ်ပျက်မှုဖြစ်စဥ်က အသေအ ပျောက်များတယ် ၊ အဲဒီလေယာဉ်ဟာ ပြင်ဦးလွင်မြို့နယ်ထဲက သုံးတောင်ကျေးရွာအုပ်စု ၊ ကျောက်ဖျာဒိုးကျေးရွာမှာ တည်ဆောက်မယ့် မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက် ပန္နက်တင်အခမ်းအနားကို လာရောက်ကြတာဖြစ်ပြီး နေပြည်တော် ဈေးကုန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တကဝိသာရ အပါအဝင် အလှူရှင်တွေနဲ့ နစက လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ယောက်လိုက်ပါလာခဲ့တယ် ၊ အဲ့ဒီထဲက ၁၂ ယောက်သေဆုံးပြီး အလှူရှင်ရဲ့သား မောင်ပိုင်ဘုန်းပြည့်နဲ့ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိတဲ့ တပ်ကြပ်ကြီး ကောင်းစံဝင်း တို့သာ အသက်ရှင်ကျန်ခဲ့တယ် ” လို့ လေကြောင်းဝန်ထမ်းတယောက်က ပြောပါသေးတယ်။

အဲ့ဒီလို လေယာဥ်ပျက်ကျမှုဖြစ်စဥ်တွေပတ်သက်ပြီး အငြိမ်းစား လေသူရဲတယောက်က
” လေယာဥ်တွေ ဘာကြောင့် ပျက်ကျသလဲဆိုတာ သိရှိ ခြေရာခံနိုင်ဖို့ လေယာဥ်တိုင်းမှာ ပျံသန်းမှုမှတ်တမ်းထိန်းကိရိယာ ဘလက်ဘောက် (black box) တပ်ဆင်ထားတယ်။ နောက်ပြီး လေယာဥ်တွေ ပျံသန်းပြီးဆိုရင် ပင်မ လေကြောင်း ထိန်းချုပ်ရေးရေဒါ စခန်းနဲ့ နီးစပ်ရာ ရေဒါစခန်းတွေက ထိန်းချုပ် စောင့်ကြည့် အချက်ပေးတယ် ၊ ရုတ်တရက် လေယာဥ် ချို့ယွင်းမှု တစုံတရာဖြစ်ပေါ်ရင် အရေးပေါ် ဆင်းသက်နိုင်တဲ့ လေယာဥ် ဆင်းသက်နိုင်တဲ့ နည်းလမ်းတွေရှိတယ် ၊ ဘာကြောင့် လေယာဥ်တွေပျက်ကျမှုဖြစ်စဥ် အဖြစ်များသလဲဆိုရင် ၊ လေယာဥ်တိုင်းမှာ ပျံသန်းမှု အချိန်မှတ်တမ်းရှိတယ် ၊ ပျံသန်းတဲ့အချိန်နာရီပေါင်း ဘယ်လောက် အသုံးပြုပြီးလဲဆိုတာ ပြန်တွက်ချက်ရတယ် ၊ အသုံးပြုချိန်ပေါင်းဟာ ၊ သတ်မှတ်ပေးထားတဲ့ အချိန်ထက် ကျော်လွန်နေပြီဆိုရင် လေယာဥ် ထုတ်လုပ်တဲ့ကုမ္မဏီရဲ့ စစ်ဆေးမှုကို ခံယူရတယ် ၊ လေယာဥ်စည်းကမ်းအတိုင်း လိုက်နာမယ်ဆိုရင် ပျက်ကျဖို့ ဖြစ်စဥ် ၊ ဖြစ်ပွားနိုင်ဖို့ ရာခိုင်နူန်း အတော်လေးနည်းပါတယ်” လို့ ပြောပါတယ်။

နစက အစိုးရအဖွဲ့ ပေါ်ပေါက်ပြီး နောက်ပိုင်း ၂၀၂၁ ကနေ ၂၀၂၄ မတ်လ၂၆အထိ လေယာဥ်ပျံနဲ့ ရဟတ်ယာဥ်ပျက်ကျမှုဖြစ်စဥ် ဆယ်ကြိမ်ထက်မနည်းရှိခဲ့ပြီး အဲ့ဒီ ဖြစ်စဥ်အရေအတွက်ဟာ နစက အဖွဲ့ရဲ့ သတင်းမှတ်တမ်းထုတ်ပြန်ချက်အရ သိရသလောက်တာဖြစ်ပြီး ၊ လေယာဥ်ပျက်ကျမှုဖြစ်စဥ်တချို့ ကျန်ရှိနိုင်သေးတယ်လို့ လေကြောင်းအသိုင်းအဝိုင်းက ပြောပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW