မိုးတိမ်တောင်တွေကြောင့် လေဆင်နှာမောင်းနဲ့ အရွယ်အစားကြီးတဲ့ မိုးသီးကြွေကျတာမျိုး ဖြစ်လာနိုင် ၊ ဖားကန့်မှာ မိုးသီးကျလို့ ပျက်စီးမှုများ

မတ် ၂၇ – ၂၀၂၄
SN (VOM)
အရွယ်အစားထုထည် ကြီးမားလွန်းတဲ့ မိုးတိမ်တောင်တွေကြောင့် လေဆင်နှာမောင်းတိုက်ခတ်တာ၊အရွယ်အစားကြီးတဲ့ မိုးသီးကြွေကျတာမျိုးတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။
မနေ့ မတ်လ ၂၆ ရက်၊ ည ၉ နာရီခွဲကနေ ည ၁၂ နာရီခွဲအချိန်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ အားကောင်းတဲ့ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး အရှေ့ဘက်ကို ရွေ့လျားနေခဲ့တာကို ဂြိုဟ်တုမိုးလေဝသတိမ်ပုံမှာ တွေ့ရတယ်လို့ ဦးကျော်လွင်ဦးက ပြောပါတယ်။
“မတ်လဆန်း နေ့အပူချိန်တွေမြင့်လာချိန် အောက်ခံမြေပြင်အပူချိန် မြင့်တက်ချိန်မှာ လေထုမတည်ငြိမ်မှုတွေ ပိုပြီး ဖြစ်ပေါ်တတ်တာ မုတ်သုံလေဝင်ရောက်ခါနီး အထိပါပဲ။ မိုး/ဇလအနေနဲ့ မိုးတိမ်တောင်အန္တရာယ်တွေနဲ့ ပတ်သက်လို့ သတိပေးနှိုးဆော်ချက်တွေ ပုံမှန် ထုတ်ပြန်ပေးနေပါတယ်။ မနေ့ကလည်း မိုးထစ်ချုန်းရွာမယ့် ခန့်မှန်းချက်တွေ ထုတ်ပြန်ထားပါတယ်” လို့ သူက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ မနေ့ မတ်လ ၂၆ ရက်နေ့၊ ည ၇ နာရီအချိန် ထုတ်ပြန်ချက်၊ ဒီကနေ့ မတ်လ ၂၇ ရက်၊ မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တဲ့ ဒေသတွေကတော့ ကချင်ပြည်နယ်မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း) မှာ နေရာကျဲကျဲနဲ့ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ သိရပါတယ်။
ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေအနေနဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း) နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိတယ်လို့ သိရပါတယ်။
“မိုးတိမ်တောင်၊ မိုးသီးကြွေ ဖြစ်စဉ်တွေက မေလလောက်အထိ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မွန်းလွဲ၊ ညနေပိုင်း အချိန်တွေ ပိုဖြစ်တတ်သလို နေရာ၊ ဒေသမရွေးမှာလည်း ဖြစ်တတ်ပါတယ်” လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။
ဒီကနေ့ မတ်လ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ထားတဲ့ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်အနေနဲ့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက ကချင်ပြည်နယ်မှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း) မှာ နေရာကျဲကျဲနဲ့ စစ်ကိုင်းတိုင်း (အောက်ပိုင်း) နဲ့ မန္တလေးတိုင်းတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ကာ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့တယ်လို့ သိရပါတယ်။
ဒီခန့်မှန်းချက်တွေနဲ့ ပတ်သက်လို့ ထူးခြားဖြစ်စဉ်အနေနဲ့ မနေ့ မတ်လ ၂၆ ရက်၊ ည ၁၀ နာရီခွဲဝန်းကျင်က ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင် အစရှိတဲ့ မှော်ဒေသတခုလုံးနီးပါး မိုးရွာသွန်းခြင်းနဲ့အတူ မိုးသီး ကြွေကျခြင်းတွေ ဖြစ်ပေါ်ခဲ့ပြီး ကြွေကျခဲ့တဲ့ မိုးသီးတွေထဲမှာ ကြက်ဥတလုံးစာလောက် ကြီးမားတဲ့ အရွယ်အစားတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ့ မိုးသီးကြွေကျမှုဖြစ်စဉ်ကြောင့် ဖားကန့်၊ ဆိပ်မူကျေးရွာအတွင်းရှိ အိမ်ခြေ နှစ်ထောင်ဝန်းကျင် အိမ်ခေါင်မိုးသွပ် ပေါက်ပြဲခဲ့ကာ မော်တော်ယာဉ်တချို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“လူတွေအကုန်လုံးလိုလို အိမ်ထဲရောက်နေချိန်မို့ တော်သေးတယ်။ နောက်မို့ဆို မလွယ်ဘူး။ အိမ်ခေါင်မိုးတွေကတော့ စကာပေါက်တွေ ဖြစ်သွားတယ်။ ကားမှန်တွေလည်း ကွဲကုန်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုး/ဇလဌာနရဲ့ထုတ်ပြန်ချက်တွေအရ မိုးတိမ်တောင် ဖြစ်စဉ်တွေဟာ ပုံမှန်အားဖြင့် လေထုမတည်ငြိမ်မှု အဖြစ်များတဲ့ နွေရာသီ၊ မိုးဦးနဲ့ မိုးလွန်ကာလတွေမှာ ဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။
မိုးတိမ်တောင်တွေ ဖြစ်ပေါ်ခြင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းနဲ့ မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်နိုင်တဲ့အတွက် လွင်တီးခေါင်ပြင် နေရာတွေ၊ ခိုင်ခံ့တဲ့အကာအကွယ် မရှိတဲ့ နေရာတွေနဲ့ ပင်လယ်ပြင်အတွင်း နေထိုင်၊ အလုပ်လုပ်ကိုင်ကြသူတွေအနေနဲ့ သတိပြုဖို့ လိုအပ်တယ်လို့ မိုး/ဇလဌာနက အကြုံပြု ပြောကြားထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW