မုံရွာမှာ ဆယ်ကျော်သက် မိန်းကလေး လေးယောက် တပြိုင်တည်း ပျောက်ဆုံးနေ

မတ် ၊ ၂၇ ၊ ၂၀၂၄
SP (VOM)

ပြီးခဲ့တဲ့ မတ် ၂၄ ရက် (တပေါင်းလပြည့်နေ့) မနက်ပိုင်း ၉ နာရီအချိန်ကစလို့ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်မှာ ဆယ်ကျော်သက်အရွယ် မိန်းကလေး လေးယောက်ဟာ တပေါင်းလပြည့်နေ့က တပြိုင်တည်း ပျောက်ဆုံးနေတာ အခုထိ ဆက်သွယ်မရသေးဘူးလို့ ကာယကံရှင် မိသားစုတွေဆီက သိရပါတယ်။

ကလေးပျောက် မိသားစုဝင်တယောက်က ” ပျောက်ဆုံးနေတဲ့ ကောင်မလေး လေးယောက်က မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်မှာနေတဲ့ ခေါင်းနီမ ၁၅ နှစ် ၊ မုံရွာမြို့ ၊ ရွှေဇလုတ်ရပ်ကွက်မှာနေတဲ့ မအေးမြတ်မွန် ၁၆ နှစ် ၊ မအိသက်နိုင် ၁၆ နှစ်နဲ့ မုံရွာမြို့ ၊ ချမ်းမြဝတီရပ်ကွက်မှာနေတဲ့ မနှင်းဝေအောင် ၁၆ နှစ်ဆိုသူတွေဖြစ်တယ် ၊ သူတို့လေးယောက်က သူငယ်ချင်းတွေဖြစ်ကြတယ် ၊ ပြီးခဲ့တဲ့ လပြည့်နေ့က ကန်သာယာမှာ ဓာတ်ပုံရိုက်ချင်တယ်လို့ ပြောပြီး အိမ်ကနေ ထွက်သွားကြတယ် ၊ အခုထိ သတင်းလည်းမကြားရသလို အဆက်သွယ်လည်းမရတော့ဘူး ၊ သူတို့လေးယောက်မှာ ဖုန်းနှစ်လုံးပါသွားတယ် ၊ မှတ်ပုံတင်ကတော့ အသက်မပြည့်သေးတာကြောင့် မရိုက်ရသေးဘူး ၊ ရဲစခန်းတော့ အကြောင်းကြားထားတယ် ၊ လူပျောက်မှုဖွင့်ထားတယ် ၊ ပတ်ဝန်းကျင်မှာ တွေ့ရတယ်ဆိုရင် ဖုန်းနံပါတ် 09 971218000 ကိုဆက်သွယ်ကူညီပေးပါ” လို့ ပြောပါတယ်။

မုံရွာအခြေစိုက် ကိုကျော်မင်းထွန်း(ပရဟိတသမား)က ” ကျနော်တို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဆီကို ကလေးပျောက်မိဘတွေ လာရောက် အကူညီတောင်းတယ် ၊ အဲဒါကြောင့် ပရဟိတအဖွဲ့တွေ အချင်းချင်း ချိတ်ဆက်ပြီး ထပ်ဆင့် ကူညီတောင်းထားပေးတယ် ၊ အခုထိတော့ အကြောင်းမထူးသေးဘူး ၊ အခုလို မုံရွာနယ်မှာ ကလေးပျောက်ဖြစ်စဥ်တွေများတယ် ၊ ဆက်သွယ်မရ ကြဘူး၊ တချို့ဆို တနှစ်ကျော် ၊ နှစ် နှစ်ကျော်သည်အထိ သေလား ရှင်လား မသိရတာတွေရှိတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ မေလကစလို့ စစ်ကိုင်းတိုင်းထဲမှာ ဆက်သွယ်မရ လူပျောက်မှုဖြစ်စဥ်တွေ အများအပြားရှိတယ်လို့သိရပြီး အထူးသဖြင့် ရွှေဘို ၊ ဝက်လက် ၊ ဒီပဲယင်း ၊ ခင်ဦး ၊ ရေဦး ၊ တန့်ဆည် ၊ မင်းကင်း ၊ ကနီ ၊ ယင်းမာပင် ၊ အရာတော် စတဲ့ မြို့နယ်တွေမှာ တနယ်ကို ဆက်သွယ်မရ ပျောက်ဆုံးနေသူ ရာဂဏန်းကျော်ရှိတယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

” ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ ရွှေလီဆေးရုံပေါ်မှာ မြန်မာ လူငယ်တယောက် အရေးပေါ် ဆေးကုသခံရင်း သေဆုံးသွားတယ် ၊ သူက ကန့်ဘလူမြို့နယ် သလဲကျေးရွာက ၊ ကလေးဖြစ်တယ် သတင်းသမားတွေကဆက်သွယ်လာမှ သိရတယ် ၊ သူက ကန့်ဘလူနယ်က ပျောက်ဆုံးနေတဲ့ ကလေးတယောက်ဖြစ်တယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ခုတလော နိုင်ငံအဝှမ်း လူပျောက်မှုတွေ အဖြစ်များလာတယ်လို့ လူမှုကွန်ရက်တွေပေါ်မှာ ဖော်ပြထားလို့ သိရပါတယ်။ အဲ့ဒီထဲက ပျောက်ဆုံးကလေးတချို့ဟာ သေဆုံးပြီးမှ ပြန်တွေ့ရတာ ရှိသလို ၊ တချို့လည်း လူပြန်ပေးဆွဲတာတွေရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန် ရွှေပြည်သာမှာ အသက် ၅ နှစ်ကလေးမတယောက်ကို ကလေးခိုးသူတွေက တောင်းရမ်းခိုင်းရာကနေ ကလေးခိုးမှုပေါ်ပေါက်ခဲ့တာရှိပါသေးတယ်။

ဓာတ်ပုံ ၊ မုံရွာမှာ ပျောက်ဆုံးနေတဲ့ မိန်းကလေးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW