မန္တလေးက ရွှေပန်းတိမ် လုပ်ငန်းတခုမှာ ရဲအယောင်ဆောင်ကာ ဓားပြတိုက်ခံရ

မတ် ၊ ၂၈ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်း ၊ အောင်မြေသာစံမြို့ ၊ ၂၂ လမ်း ၊ ၈၉ ၊ ၉၀ ကြား ၊ အကွက်အမှတ် ၁၉၃ ၊ သီရိမင်္ဂလာအရှေ့ရပ်ကွက်မှာရှိတဲ့ ရွှေပန်းတိမ် အလုပ်ရုံတခုကို ဒီကနေ့ မတ် ၂၈ နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဓားပြလာတိုက်တဲ့ကားက မတ်တူးအဖြူရောင် ၊ ကားနံပါတ်ကို ဆေးသုတ်ပြီး ဖျက်ထားတယ် ၊ အဲ့ဒီကားပေါ်က ရဲဝတ်စုံ(နှစ်ပွင့်)နဲ့ တယောက်ပါလာတယ် ၊ နောက်ပြီး အရပ်ဝတ်နဲ့ လူလေးငါးယောက်ပါလာတယ် ၊ မြင်လိုက်ရတဲ့ ပတ်ဝန်းကျင်က ရဲတွေပဲဖြစ်မှာလို့ ထင်ကြတယ် ၊ ဓားပြတိုက်ခံရတဲ့ ရွှေပန်းတိမ်အလုပ်ရုံက ရဲစခန်းကို အကြောင်းကြားမှ အဲ့ဒါ ရဲအယောင်ဆောင် ဓားပြတွေဖြစ်တယ်လို့ သိရတယ် ၊ ရွှေထည်ပစ္စည်းတချို့ ပါသွားတယ်” လို့ ဓားပြတိုက်ခံရတဲ့ ပန်းတိမ်အလုပ်ရုံနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” ရဲအယောင်ဆောင်ပြီး ဓားပြတိုက်သွားတယ် ၊ ပါဆုံးပစ္စည်းကတော့ ရွှေထည်ဖြစ်တဲ့ ရွှေကလစ် ၊ ရွှေနားဆွဲ ၊ ရွှေလက်စွပ် ( ကာလတန်ဖိုး တွက်ချက်နေဆဲ) ဖြစ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မတ် ၂၅ ရက် မနက်ပိုင်းကလည်း မန္တလေးတိုင်း ၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄လမ်း ၃၁ နဲ့ ၃၂လမ်းကြားရှိ KBZဘဏ်မှာ သိန်းနှစ်ထောင့်ရှစ်ဆယ်ကျပ် ဓားပြတိုက်လုယက်ခံရတာဖြစ်ခဲ့ပါေသးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လပိုင်းက မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်း ၈၄ လမ်းနဲ့ ၈၅ လမ်းကြားမှာရှိတဲ့ ‘ဆယ်သန်း’ရွှေဆိုင်မှာ ရွှေထည်နဲ့ ငွေသား သိန်း (၆၀၀၀) ကျော် ဓားပြတိုက်ခံရတယ် ၊ နောက်ပြီး အဲ့ဒီနေ့ ညပိုင်းက မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ နွားထိုးကြီး – ပြင်စည်လမ်းပေါ်မှာ ရှိတဲ့ သဇင်ရွာက “ရွှေလွန်းနဒီ” ရွှေဆိုင်ပိုင်ရှင် ဦးမြင့်နဲ့ ဒေါ်သင်းနွယ်တို့ နေအိမ်မှာ ဓားပြတိုက်ခံရပြီး သိန်း ၂၀၀ ကျော်ဖိုး ပါသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၇ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၇၂နဲ့၇၃လမ်းကြားက “အောင်”ရွှေဆိုင် မှာ ရွှေထည်ပစ္စည်း သိန်း (၁)သောင်း (၁)ထောင်ကျော်ဖိုး ဓားပြတိုက်ခံလိုက်ရပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၃၀ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁နဲ့၄၂လမ်းကြားက “ပေါ်ဦး “ရွှေဆိုင်မှာ ရွှေထည်ပစ္စည်းမျိုးစုံ သိန်း(၁)ထောင်ကျော် ဓားပြတိုက်ခံခဲ့ရတာလည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW