အိမ်ခြေ သုံးရာကျော် မီးလောင်ပြီးတဲ့ ကျိုက်မရော ဓမ္မသရွာမှာ ခု မီးထပ်မံလောင်ကျွမ်းနေ

မွန် – မတ် ၂၈ – ၂၀၂၄
GG (VOM)
မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ်က ဓမ္မသရွာမှာ မနေ့ မတ်၂၇ ရက်က မီးလောင်တာ အိမ်ခြေ ၃၀၀ မီးထဲပါပြီးနောက် မတ်လ ၂၈ ရက်နေ့ ည ၈ နာရီေကျာ်မှာလည်း ကျန်တဲ့နေအိမ်တွေ ထပ်မံမီးလောင် ကျွမ်းနေတယ်လို့သိရပါတယ်။
ဒေသခံတွေ ပြောပြချက်အရတော့ ညနေက နေအိမ်မီးလောင်မှုဟာ လက်နက်ကြီးထပ်ကျလို့ ထပ်ပြီး မီးလောင်တာဖြစ်ပြီး ခုညထပ်မံမီးလောင်တဲ့ နေအိမ်တွေကတော့ အရင်မီးကြွင်းမီးကျန်ကနေ ထပ်မံကူးစက်လောင်တာဖြစ်တယ်လို့ဆိုပါတယ်။
မီးထပ်လောင်တဲ့နေရာတွေက ဓမ္မသရွာရဲ့ ၁ လမ်း၊ ၂ လမ်း ၊ ၃ လမ်း နဲ့ ၄ နေအိမ်အချို့ဖြ စ်တယ်လို့ဆိုပါတယ်။
” ညနေကလောင်တာက မနေ့ကလိုပဲ လက်နက်ကြီးကျလို့ပေါက်တာပဲ။ ခုညနေမီးကတော့ ဘေးကိုသိပ်မကူးဘူး၊ ဘေးက တိုက်တွေများလို့ပါ။အခုထပ်လောင်တာက မနေ့က ၄ လမ်းမှာထပ်လောင်တာပါ၊မီးကြွင်းမီးကျန်ကနေထပ်လောင်တာ ၊ အခုပစ်ခတ်သံတွေကတော့ ငြိမ်နေတယ်၊ ” လို့ ဓမ္မသရွာ ဒေသခံတဦးကပြောပါတယ်။
ညနေပိုင်းမှာဖြစ်ပွားခဲ့တဲ့ မီးထပ်မံလောင်ကျွမ်းမှုကို ဒေသခံပြည်သူတွေအပြင် ဘုန်းကြီးကျောင်းမှာရှိတဲ့ သံဃာတွေပါ ဝိုင်းဝန်းငြိမ်းခဲ့ကြပြီး ခုတကြိမ်ထပ်မံမီးလောင်မှုမှာလည်း မီးသတ်ကားတွေ လာရောက်နိုင်ခြင်းမရှိဘူးလို့ဆိုပါတယ်။
ဓမ္မသရွာထဲမှာ မနက်ကတည်းက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး နေ့ခင်းပိုင်းမှာတော့ စစ်တပ်ကလည်း မြေပြင် ၊ရေပြင် ပစ်ကူတိုက်ခိုက်မှုအပြင် လေကြောင်းပစ်ကူမှုတွေပါ ပြုလုပ်ခဲ့တယ်လို့ ဒေသတွေပြောပြချက်အရသိရပါတယ်။
” လေယာဥ်နဲ့လည်းဗုံးကျဲတယ်၊ ပစ်ခတ်မှုတွေကလည်းရှိတော့ လူမှုရေးကားတွေလည်းမထွက်ရဲကြဘူး။ ရွာသားတွေလည်း ပိတ်မိကြတာပေါ့။ အခု ဖုန်းလိုင်းတွေလည်း ရတချက်မရတချက်ဖြစ်နေတယ် ” လို့ သူကထပ်မံပြောပြပါတယ်။
ဓမ္မသရွာမှာ ပထမအကြိမ် မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီကျော်လောက်ကစပြီး တညလုံး မီးလောင်ခဲ့လို့ နေအိမ် ၃၀၀ ကျော်မီးထဲပါသွားပြီး အခု မတ်လ ၂၈ ရက်ဒီနေ့ညနေပိုင်းနဲ့ညပိုင်းမှာ မီးထပ်မံလောင်ကျွမ်းနေတာပဲဖြစ်ပါတယ်။
လတ်တလောမှာ မီးဘေးသင့်ပြည်သူတွေနဲ့ ကျေးရွာတွင်းနေထိုင်သူအချို့ကတော့ တိုက်ပွဲကြောင့် ကော့ကရိတ်နဲ့ မော်လမြိုင်ကို စစ်ရှောင်ခွင့်မရရှိလို့ ရွာအနီးကျောက်ဂူတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပြီး အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။
ကော့ကရိတ် နဲ့ ကော့ဘိန်းမှာ ဖြစ်ပွားနေတဲ့ PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ် အကြားတိုက်ပွဲတွေကြောင့် ဓမ္မသရွာထဲ လက်နက်ကြီးကျမီးစတင်လောင်ကျွမ်းခဲ့ရတာဖြစ်တယ်လို့ ေဒသခံတွေကပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW