ဘုန်းကြီးနဲ့ သီလရှင် အသတ်ခံရမှု တရာဝန်းကျင်ရှိလာ

ဧပြီ ၊ ၃ ၊ ၂၀၂၄
SP ( VOM)
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မကွေးတိုင်း မြိုင်မြို့အပါအဝင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ဘက်တွေမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်ခတ်မှုဖြစ်စဥ်တွေကြောင့် သေဆုံးရသူ အရေအတွက်ထဲမှာ ဘုန်းကြီးနဲ့ သီလရှင်တွေပါဝင်နေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
“ပြီးခဲ့တဲ့ မတ် တလထဲမှာ ဘုန်းကြီး ငါးပါးနဲ့ သီလရှင် တပါး ၊ စုစုပေါင်း ခြောက်ပါး အသတ်ခံရတယ် ၊ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေရဲ့ ဖမ်းဆီးခံရတာက ဘုန်းကြီး နှစ်ပါး ၊ ကိုရင် နှစ်ပါး ၊ ကပ္ပိယ သုံးယောက် နဲ့ သီလရှင် ကိုးပါး ဖြစ်တယ် ၊ အဲ့ဒီထဲက သီလရှင် ငါးပါးကတော့ သူ့တို့နေရပ်က အိမ်တွေမှာ ပြန်ရောက်နေတယ်လို့ ကြားရတယ် ၊ ကျန်တဲ့သူတွေကတော့ အခုထိ ဆက်သွယ်မရ ပျောက်ဆုံးနေဆဲ ဖြစ်တယ် ” လို့ ပခုက္ကူမြို့မှာ သီတင်းသုံး နေထိုင်တဲ့ စာချဆရာတော် တပါးက မိန့်တော်မူပါတယ်။
ပြီးခဲ့တဲ့ မတ်လထဲက သာသနာ့နွယ်ဝင်တွေ အသတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ” မတ် ၁၃ ရက် မနက်ပိုင်းက မကွေးတိုင်း ၊ အောင်လံခရိုင် ၊ အောင်လံမြို့နယ် ၊ ဒါးစမ်းကျေးရွာမှာ ကျောင်းထိုင် ဘုန်းကြီးတပါး ကျောင်းထဲမှာ အသတ်ခံရတယ် ၊ အဲ့ဒီနောက် ၊ မတ် ၂၅ ရက် ၊ နေ့လယ်ပိုင်းက မွန်ပြည်နယ် ၊ ကျိုက်ထို​မြို့နယ်၊ ကင်မွန်းချောင်း-ကျိုက်ထိုသွားကားလမ်းဘေး၊ ကင်မွန်းချောင်းကျေးရွာက လက်ဖက်ရည်ဆိုင်မှာ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင် ဘောဂဝတီ ရွှေကျောင်းမှာ သီတင်းသုံးနေတဲ့ သက်တော် ၄၇ နှစ်၊ ဝါတော်(၁၈)ဝါရှိ ဘုန်းကြီး ဉူးစန္ဒိမာ ပစ်သတ်ခံရတယ် ၊ မတ်လ ၂၈ ရက် နံနက် ၈ နာရီ ဝန်းကျင်မှာ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ မြိုက်ကျေးရွာမှာရှိတဲ့ ဒက္ခိဏရာမဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေတဲ့ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ဥက္ကဌ သက်တော်(၄၇) နှစ်၊ ဝါတော်(၂၅)ဝါ ဆိုသူ၊ ကျောင်းထဲမှာ အသတ်ခံရတယ် ၊ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၉ ရက် ၊ နေ့လယ် ၂ နာရီဝန်းကျင်က မကွေးတိုင်း ၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာအနားမှာရှိတဲ့ မှန်ခြေရင်းတောင်တောရကျောင်းမှာ သီးတင်းသုံးနေတဲ့ ဆရာတော် ဘဒ္ဒန္တ ပညာစာရ သက်တော်(၅၅)နှစ်၊ ဝါတော်(၁၀)ဝါ သတ်ခံရတယ် ၊ အဲ့ဒီ ဆရာတော် ပညာစာရကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းခေါ်သွားပြီး မြင်းတဲကြီးကျေးရွာနားက လမ်းပေါ်မှာ တပ်မတော်ယူနီဖောင်းအင်္ကျီနဲ့ ရဲတပ်ဖွဲ့ယူနီဖောင်း ဘောင်းဘီတို့နဲ့ လူဝတ်လဲပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်သွားတယ် ၊ ဒါ့အပြင် အဲ့ဒီ မတ် ၂၉ ရက် ၊ နေ့လယ်ပိုင်းမှာ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို၊ ကိုးဆောင်းကျောင်းတိုက် ၊ ဓမ္မရိပ်သာဆောင်မှာ သီတင်းသုံးနေတဲ့ သီလရှင် ဆရာကြီး ဒေါ်စိတ္တ သက်တော် ၅၀ ၊ ဝါတော် ၃၀ (ငယ်ဖြူ) ပစ်သတ်ခံရပြီး ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဘုန်းကြီး နှစ်ပါး ၊ ကိုရင် နှစ်ပါး ၊ ကပ္ပိယ သုံးယောက်နဲ့ သီလရှင် ဆရာလေး ကိုးပါး ၊ စုစုပေါင်း ၁၆ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ အဲ့ဒီ ဖမ်းခံရတဲ့အထဲက သီလရှင် ဆရာလေး ငါးပါး ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန် ၁၁ ယောက်ဟာ ဒီကနေ့အထိ ဆက်သွယ်မရ ပျောက်ဆုံးနေတယ်” လို့ ပခုက္ကူ စာချဆရာတော်က မိန့်တော်မူပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဥ်တွေ ပေါ်ပေါက်လာပြီး နောက်ပိုင်း သာသနာ့အနွယ်ဝင် ရဟန်းသံဃာတချို့ဟာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဥ်တွေမှာ ကိုယ့်ခံယူချက်နဲ့ကိုယ် တက်ကြွစွာပါဝင်လုပ်ဆောင်တယ်လို့ သိရပါတယ်။
” နိုင်ငံရေးဖြစ်စဥ်တွေမှာ တက်ကြွလှုပ်ရှားတဲ့ ဆရာတော်တွေရှိတယ် ၊ အဲ့ဒါက စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ သပြေအေးကျေးရွာက သပြေအေး ကျောင်းတိုက်ဆရာတော် ဥူးသောပါက ဆိုရင်လက်ရှိ ယင်းမာပင်ခရိုင် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ကို ဗိုလ်သံမဏိ နာမည်နဲ့ ဦးဆောင်လှုပ်ရှားတယ် ၊ နောက်ပြီး ကန့်ဘလူမြို့နယ် ၊ မှော်တော်ကျေးရွာက ဆရာတော် ဥူးဝါသဝ ဆိုတဲ့ ကိုယ်တော်က ၅၅၀ ဆရာတော်ဆိုပြီး ပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်တယ် “လို့ စစ်ကိုင်းတိုင်း နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ မစိုးရိမ် ( အနောက်)ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ ဆရာတော် ဥူးဝိလာသ သက်တော် ၅၅ နှစ် ၊ ဝါတော် ၃၁ ဝါ ဆိုတဲ့ ဘုန်းကြီးတပါးဟာ ရွှေဘိုမှာပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ ထောက်ခံကြိုဆိုပွဲမှာ ပါဝင်ဦးဆောင်ခဲ့တာကြောင့် အဲ့ဒီ ဘုန်းကြီးနဲ့ ဘုန်းကြီးရဲ့ မိဘနှစ်ယောက်ကို ဒေသတွင်း လက် နက်ကိုင် PDF အဖွဲ့တွေက တဂဏန်ရွာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၊ အဲ့ဒီ တဂဏန်ရွာ အဝင်ရောက်မှာ ဘုန်းကြီး ဥူးဝိလာသကို လူဝတ်လဲပေးပြီး ထွက်ပြေးခိုင်းကာ နောက်ကနေ သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၂၆ က တနင်္သါရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံမြို့နယ်မှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးစစ်ဆေးပြီး ဒလန်လို့ စွပ်စွဲချက်နဲ့ သီလရှင်ဆရာကြီး ဒေါ်နန္ဒစာရီ ၆၄ နှစ် ၊ ဒေသခံ ဦးလှရွှေ ၈၂ နှစ်၊ ဦးမောင်မိုး ၅၀ နှစ် ၊ အသက် ၄၀ အရွယ် မဝါဝါ ၊ ကိုသက်စိုးထိုက် ၊ အသက်နှစ်ဆယ်ကျော်အရွယ်တွေဖြစ်ကြတဲ့ ကိုနေရဲစိုးနဲ့ ကိုအောင်နိုင်ရှိန် အပါအဝင် လူခုနှစ်ယောက်ကို သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး NUG က သတ်ဖြတ်တဲ့သူတွေကို စစ်ဆေးဖော်ထုတ်ကာ အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီ ၃၀ ရက်က မကွေးတိုင်း ၊ မြိုင်မြို့နယ်၊ ဝက်ကျုံးကျေးရွာမှာရှိတဲ့သာသနာ့ ဇောတိကာရုံကျောင်း တိုက် (မြောက်) ကျောင်းမှာ သီးတင်းသုံးနေတဲ့ သီလရှင်ဆရာကြီး ဒေါ်နန္ဒသီရိ(ခ)ဒေါ်ထွေးကြည် (၅၇)နှစ် ၁၅ ဝါ ဆိုသူကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက သတ်ဖြတ်သွားတယ်လို့ နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၂၂ ဇန်နဝါရီ (၃၁)ရက် ညပိုင်းက ထုတ်ပြန်တာ တွေ့ရပါတယ်။
သတင်းမှတ်တမ်းတွေအရ ၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဥ်တွေ ပေါ်ပေါက်ပြီးနောက်ပိုင်း သာသနာ့အနွယ်ဝင် ဘုန်းကြီး ၊ ကိုရင် ၊ သီလရှင် သတ်ဖြတ်ခံရမှု ဖြစ်စဥ် အရေအတွက် တရာနီးပါးရှိတယ်လို့ သိရပါတယ် ။
အဲ့ဒီ သေဆုံးမှု ဖြစ်စဥ် အရေအတွက်ထဲက ဘုန်းကြီး ငါးပါးနဲ့ သီလရှင်တပါး ၊ စုစုပေါင်း ခြောက်ပါးဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းထွက်ပေါ်လာပြီးနောက်ပိုင်း အသတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW