လေးလကျော် ကာလအတွင်း ကျပ် ၁၀ သိန်းကျော် မြင့်တက်လာတဲ့ ပြည်တွင်းရွှေဈေး

ဧပြီ ၁၀ – ၂၀၂၄
SN (VOM)

လက်ရှိ ပြည်တွင်း အခေါက်ရွှေဈေးဟာ လေးလကျော် ကာလအတွင်း ကျပ် ၁၀ သိန်းကျော်အထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က အခေါက်ရွှေဈေးဟာ တကျပ်သားကို ကျပ် သုံးဆယ့်ခုနစ်သိန်း တသောင်းဈေး ရှိခဲ့တာဖြစ်ပြီး ဒီကနေ့ ဧပြီ ၁၀ ရက်၊ နေ့လယ်ပိုင်းမှာတော့ ကျပ် လေးဆယ့်ခုနစ်သိန်း ရှစ်သောင်းဈေးကို စံချိန်တင် ရောက်ရှိနေကာ လေးလကျော်ကာလအတွင်း ကျပ် ဆယ်သိန်း ခုနစ်သောင်း မြင့်တက်လာတာ ဖြစ်ပါတယ်။

“ဒီ တရက်၊ နှစ်ရက်အတွင်းမှာ ကမ္ဘာ့ရွှေဈေးတွေကလည်း တော်တော်ကိုတက်သွားပါတယ်။ ပြည်တွင်းမှာလည်း ဒီလိုပဲ တိုင်းပြည်အခြေအနေအရလည်း ပါတာပေါ့။ အဝယ်များပြီး တက်လာတာပါ။ ပြီးတော့ သင်္ကြန်နီးတော့လည်း အဝယ်နည်းနည်း များသွားတာလည်းပါမယ်။ နောက် မြဝတီသတင်းတွေဘာတွေကြောင့်လည်း ပါမှာပေါ့၊ အဲ့ဒါတွေကြောင့် အကြောင်းတွေစုံပြီး တက်သွားတာပေါ့” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ ဧပြီလ ၁၀ ရက်၊ နေ့လယ်ပိုင်းမှာ တအောင်စ ၂၃၅၇ ဒေါ်လာကို ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကတော့ တအောင်စ ၂၀၆၆ ဒေါ်လာသာ ရှိခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာဈေးကတော့ ပြီးခဲ့တဲ့ ဇန်တဝါရီ ၁ ရက်နေ့က တဒေါ်လာ ၃၄၅၀ ဝန်းကျင် ရှိခဲ့ပေမယ့် ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ၃၈၇၀ ဝန်းကျင်ကို မြင့်တက် ရောက်ရှိနေပါတယ်။

အခုလို ပြည်တွင်းရွှေဈေး မြင့်တက်နေတာနဲ့ ပတ်သက်လို့ နစကဘက်က နည်းလမ်းအမျိုးမျိုးသုံးပြီး ဈေးနှုန်းထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် ပြင်ပဈေးကွက်မှာတော့ စံချိန်တင် အတက်ကြမ်းနေဆဲ ဖြစ်ပါတယ်။

ရွှေဈေးနှုန်း မြင့်တက်နေတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မတ်လကတည်းက ခေါ်ယူစစ်ဆေး မေးမြန်းခံနေရတဲ့ ရွှေလုပ်ငန်းရှင်တွေရှိပြီး အဲဒီထဲက ၁၀ ယောက်တော့ လက်ရှိအချိန်အထိ အစစ်ဆေးခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

“အခုအချိန်အထိ ခေါ်ယူမေးမြန်းနေတုန်းပဲ။ သူတို့ အခုအချိန်အထိ ဆုံးဖြတ်ချက် မချရသေးဘူး။ လွှတ်မလား၊ ဖမ်းမလား မသိသေးဘူး။ အဲဒါလည်း စိတ်ပူစရာတခုပဲ” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဒါအပြင် ‌ပြည်တွင်း ရွှေဈေးကွက်ရဲ့ ရှေ့ဆက် အလားအလာကတော့ ကမ္ဘာ့ရွှေဈေးတင်မက ပြည်တွင်းက အခြေအနေတွေပါ တည်ငြိမ်မှု မရှိတာကြောင့် အတက်အကျ မှန်းဆလို့မရနိုင်သေးဘူးလို့ သူက ပြောပါတယ်။

လက်ရှိ ပြည်တွင်း ရွှေဈေးကွက်အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းရွှေအသင်း (YGEA) ကို VOM က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာတော့ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

YGEA ကထုတ်ပြန်တဲ့ ဒီကနေ့ ဧပြီ ၁၀ ရက်၊ နေ့လယ်ပိုင်း ရွှေရည်ညွှန်းဈေးကတော့ ကျပ် သုံးဆယ့်ကိုးသိန်း ကိုးသောင်း ခုနစ်ထောင့်လေးရာဖြစ်ပြီး ကျပ် သိန်း ၄၀ နီးပါးကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW