ရွှေမန်းတောင်ရိပ်ခို

 

 

၁၉၄၇ ခုနှစ်က ရေးစပ်ခဲ့သော “ရွှေမန်းတောင်ရိပ်ခို” သီချင်းကို

၁၉၅၀ ခုနှစ် ရန်ကုန် သင်္ကြန်တွင်

ဆရာမြို့မငြိမ်းကိုယ်တိုင် ပြန်လည် သစ်ဆန်းခဲ့သောအခါ

 

 

ဆူးငှက်

 

 

လွတ်လပ်ရေး ကြေညာအပြီး တစ်နှစ်ကျော်အကြာ ၁၉၄၉ ခုမတ်လ ၁၁ ရက်ညနေ ၃ နာရီအချိန်မှာပင် ပြည်တွင်းစစ်ကြောင့် မန္တလေးသည် တိုင်းရင်းသား လက်နက်ကိုင် ကေအင်ဒီအိုတပ်များ အောက်သို့ ကျရောက်ခဲ့ရသည်။ တစ်ပြည်လုံးအတိုင်းအတာအရလည်း ပြည်တွင်းစစ်မီးက တောက်လောင်နေ၏။ မန္တလေးမြို့၏ အုပ်ချုပ်ရေးရုံးအချို့၊ စစ်ကိုင်းသို့ ဆုတ်ခွာရုံးထိုင်ကြရသည်။ ဗိုလ်မှူးကြင် ဦးစီးသော မန္တလေး အခြေစိုက် အစိုးရ တပ်ပေါင်းစုက စစ်ကိုင်းတွင် အင်အား ပြန်လည်စုစည်းပြီး မန္တလေးမြို့သိမ်း တိုက်ပွဲ ဆင်နွှဲရပြန်သည်။ ၁၉၄၉ ခု ဧပြီ (၆)ရက်နေ့တွင် မန္တလေးကို ပြန်လည် ရရှိခဲ့သည်။

 

 

 

ဗိုလ်မှူးကြင်၊ ဗိုလ်မှူးအေးမောင်၊ ဗိုလ်မှူးထွန်းစိန် အစရှိသော တပ်မှူးများ ဦးဆောင်သည့် တပ်ပေါင်းစုက မန္တလေးကိုပြန်လည်အုပ်စီး ခဲ့သည်။ မြို့သိမ်းတပ်၏ ရှေ့တန်းကွပ်ကဲရုံးက လက်ဆည်ကန်အရပ်ရှိ နဂါးဒေါ်ဦးတိုက်၌ ဖွင့်လှစ်ထားရသည်။ဧပြီ ၈ ရက်နေ့တွင် မန္တလေးမြို့သိမ်း အခမ်းအနားကြီး ကျင်းပခဲ့၏။ နံနက် (၇)နာရီတွင် မန္တလေး စစ်ရဲဌာနချုပ်၌ တပ်ပေါင်းစုံစုရုံးပြီး (၈)နာရီထိုးသည်နှင့် စည်တော်ကြီးရွမ်းကာ ရဟန်းသံဃာများနှင့် မြို့သိမ်းတပ်က တပ်အခမ်းအနားဖြင့် ချီတက်သည်။ချီတက်ရာ လမ်းတစ်လျှောက် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံက ကြယ်ငါးပွင့်နှင့် အတူ ရဲရဲနီနေသည်။ပရိသတ်များကား လမ်းဘေး တစ်ဖက်တစ်ချက် တိုးမပေါက်ခဲ့။ ဧပြီ (၈) ရက်ဆိုတော့ မကြာမီ ရက်ပိုင်းအတွင်း၌ပင် သင်္ကြန် ကျတော့မည်။ မြို့လူထုနှင့် အေးအတူ ပူအမျှ ရင်အုပ်မကွာရှိခဲ့သော မြို့မတူရိယာအသင်းကလည်း တပ်ပေါင်းစုံနှင့်အတူ လိုက်ပါလာကာ အေဝမ်းဆရာညှာ၏ “ပြည်တော်ဝင်” သီချင်းကို မြိုင်မြိုင် ဆိုင်ဆိုင် တီးမှုတ်ခဲ့သည် ဆို၏။

 

 

 

““မေ့မေ့ပျောက်ပျောက်….၊ အောက်မေ့လို့နေ

တိုက်တာအိမ်ခြေ၊ စည်းစိမ်ရှင်တွေ

လူကြံရင်ခံနိုင်ဘူး၊ အထူးပင်မှတ်ကြစေ

အရင်လိုပျော်ပျော်ရွှင်ရွှင်နေ .. မြို့မအသင်းကပြောမလေ …””တဲ့။

 

မည်သို့ပင် “အရင်လို ပျော်ပျော်ရွှင်ရွှင် နေကြပါ။ တက်ခေတ် လူငယ်များ အားအင် တောင့်တင်းခိုင်မာပါစေ” ဟုဆိုငြား…၊ လောင်မြိုက်ခဲ့သော ပြည်တွင်းစစ်မီးကြီးက အရှိန်မသတ်နိုင်သေး။ ၁၉၅၀ ခုနှစ် ဝန်းကျင်ကာလအထိ မန္တလေး အနီးတစ်ဝိုက်မှာပင် တံတားဦးမှာ၊ ကျောက်ဆည်မှာ၊ မတ္တရာမှာ၊ ပြင်ဦးလွင်လမ်း ၂၁ မိုင်မှာ ….စသည်ဖြင့် တိုက်ပွဲတွေ ကျိုးကျားဖြစ်နေဆဲပင်။ တပ်မင်း ဗိုလ်မှူးကြီးချစ်မြိုင်၏ တပ်မဟာ (၆)က မန္တလေးနန်းတွင်းမှာ အခြေစိုက်သည်။ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တန်ယုဆိုင်နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ခိုင်တို့၏ ခလရ (၈)ကလည်း နန်းတွင်း၌ပင် တပ်ထိုင်ကာ မုံရွာ၊ ယင်းမာပင်၊ ရွှေဘို၊ ကျောက်မြောင်းနှင့် တံတားဦး၊ ကျောက်ဆည်၊ မြင်းခြံ တြိဂံနယ်မြေသို့ စစ်ဆင်သည်။ လွတ်လပ်ရေးရပြီး ၂ နှစ်ကျော်ကြာသော်လည်း မအေးချမ်းနိုင်သေး။ ညရေးညတာ ခေါင်းပြားအောင် မအိပ်နိုင်သေး။ ကောင်းရောင်းကောင်းဝယ် မလုပ်နိုင်သေး။ တစ်တိုင်းပြည်လုံး လူများစု၏ ဆန္ဒက “ငြိမ်းချမ်းရေး” ဖြစ်နေကြသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်ကာ“ငြိမ်းချမ်းရေး” အတွက် ဘက်ပေါင်းစုံတွင် ညှိနှိုင်း တောင်းဆိုနေကြပြီ။

 

 

 

“ငြိမ်းချမ်းရေး” ဆန္ဒဒီရေက နေ့စဉ်လို စက္ကန့်မလပ်မို့ ရိုးရာသင်္ကြန်ပွဲတော်ကြီး၌ပင် “ငြိမ်းချမ်းရေး” လွှမ်းခြုံနေသည်။၁၉၅၀ ခု (ကောဇာသက်္ကရာဇ် ၁၃၁၁ ခုမှ ၁၃၁၂ ခုနှစ်အကူး) သင်္ကြန်ကို မန္တလေးမှာ “ငြိမ်းချမ်းရေး” သင်္ကြန်ဟု ကမ္ပည်းတင်သည်။ ထိုစဉ်က နိုင်ငံတော်သမ္မတကြီး စပ်ရွှေသိုက် ကိုယ်တိုင် ပါဝင်ဆင်နွှဲကြ၏။ သို့သော် ထိုနှစ်က ထူးထူးခြားခြားမန္တလေး မြို့မအသင်းသားတွေက ရန်ကုန်သင်္ကြန်၌ ဆင်နွှဲကြ၏။ ရန်ကုန်ရောက် “မန္တလေး မြန်မာကုန်သည်များ အသင်း”၏အစီအစဉ်ဖြင့် “ရွှေမန်းရေယာဉ်” ဟု အမည်ပေးကာ ငွေငန်းရုပ် အလှဆင် ရေသဘင်ကားကြီး ဆင်သည်။ ထို့နောက် ရုပ်ရှင်နောက်ခံ ဂီတ အသံသွင်းရန် ကိစ္စအတွက် ရန်ကုန်ရောက်နေသော ဆရာမြို့မငြိမ်းကိုယ်တိုင် “ရွှေမန်းရေယဉ်” ဖြင့်လိုက်ပါပြီးသင်္ကြန်ပွဲ ဆင်နွှဲသည်။ မန္တလေးတွင် ရှိစဉ်ကာလ တစ်လျှောက်လုံး မြို့မငွေငန်းယာဉ်ပေါ်တွင် လိုက်ပါလေ့ မရှိသော ဆရာမြို့မငြိမ်းက ရန်ကုန်သင်္ကြန်တွင် ကိုယ်တိုင် ပါဝင် ဆင်နွှဲသဖြင့် ထူးခြားနေသည်။

 

 

 

 

“ရွှေမန်းရေယဉ်”တွင် ၁၉၄၇ ခုနှစ်က ရေးစပ်ခဲ့သော “ရွှေမန်းတောင်ရိပ်ခို” သီချင်းကို ၁၉၅၀ ခုနှစ် ရန်ကုန် သင်္ကြန်၌ ဆရာမြို့မငြိမ်းကိုယ်တိုင် ပြန်လည် သစ်ဆန်းခဲ့သောအခါ ရန်ကုန်ပရိသတ်က အထူး နှစ်သက်ခဲ့ကြသည်။ ၁၉၄၇ခုနှစ် မန္တလေးသင်္ကြန်တွင်“ခင့်ငွေငန်းလာပြီကွယ်” ဟု မြို့မငွေငန်းအလှပြယာဉ်ဖြင့် သီဆိုခဲ့သော ရွှေမန်းတောင်ရိပ်ခိုသီချင်းကို ၁၉၅၀ခုနှစ် ရန်ကုန်သင်္ကြန်တွင် ရွှေမန်းရေယဉ် အလှပြယာဉ်ဖြင့် ပြန်လည်သီဆိုသောအခါ “ခင့်ရွှေမန်းလာပြီကွယ်” ဟု စာသားပြောင်းလဲ သီဆိုခဲ့သည်။ နာမည်ကျော် ဘီတီဘရားသား အုပ်စုကလည်း ထိုနှစ်တွင် ထိုသီချင်းကို တက်ယူပြီး သူတို့၏ ကော်ဖီကြော်ငြာ ရုပ်ရှင်ကားပိုင်းတို၏ သင်္ကြန် အစီအစဉ် နောက်ခံ သီချင်းအဖြစ် ကိုအံ့ကြီးက သီဆို အသံသွင်းခဲ့၏။ ဘီတီဘရားသား တီးဝိုင်း၏ဧည့်ခံပွဲတိုင်း ထိုသီချင်းက ခေတ်စား ခဲ့သည်။ “ရွှေမန်းတော်ရိပ်ခို” အပြင် သီချင်းသစ်အဖြစ် ဆရာမြို့မငြိမ်းက “ငြိမ်းချမ်းရေးရေသဘင်” သီချင်းကို ရေးစပ်ခဲ့သည်။ သမိုင်းနောက်ခံဖြင့် ထင်ရှားစေခဲ့သော သီချင်းဟု ဆိုသော် လွန်အံ့မထင်၊ နားဆင်ကြည့်ကြပါဦး။

 

 

““(သဘာ၀ ရွှင်မြူး၊ နှစ်ကူး ဗမာ့(မြန်မာ့) ရေသဘင်

ခါရေစင် လန်းကြည်ရွှင် အေးစေချင် ချမ်းတယ်ခင်

စိမ့်စိမ့်ချမ်းချမ်း … အေးအေး လောင်းပေ

လောင်းလေ အေးလေ၊ အေးလေ လောင်းလေတွေမို့

ချစ်မိတ်ဆွေ ဖြစ်ကြောင်း အခွင့်ကောင်း ကြုံလို့ပင်)၂

(ရွှေဂုန်သူမို့ ဖျတ်လတ်ဖြူစင် ရှင်းကြော့ ယဉ်ယဉ်

မာပါစေ ဆုထူးဆင်)၂

ပိတောက်တွေ ဝေေ၀လွင်လွင် ရွှေရည်လူး၊ ဖူးပွင့်တဲ့ ဒီအချိန်တွင် ….

ဗမာ (မြန်မာ) ပြည်၊ ငြိမ်းချမ်းရေး ရွက်သစ်နုနု

ခါတော်ရေစင် ဖျန်းလို့ ဝေစီလွင် …၊

ငွေငန်း ဆုတောင်း … အောင်ကြောင်းကိုပင် ခါတော်ရေသဘင် ….””

 

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #ရွှေမန်းတောင်ရိပ်ခို

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW