မေ ၁၃ – ၂၀၂၄
SN (VOM)
ဥရုချောင်း မြေစာပုံကိစ္စကြောင့် ရေကြီးမှု နှစ်စဉ်ခံနေရတဲ့ ဖားကန့်မြို့မှာ အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ချောင်းရေ လျှံတတ်လာပြန်တဲ့အတွက် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိပ်မူကျေးရွာရှိ လမ်းမကြီးပေါ် ရေကြီးမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့ မေ ၁၁ ရက်၊ မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဆိပ်မူကျေးရွာရှိ လမ်းမကြီးပေါ် ရေလျှံမှုအပြင် အဲဒီမြို့နယ်အတွင်းက ကျေးရွာအများအပြားမှာလည်း ရေမြောင်းတွေ ပိတ်ဆို့နေတဲ့အတွက် လမ်းမတွေပေါ် ရေလျှံခဲ့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“ဥရုချောင်းတလျှောက် ရွှေတူးဖော်မှုတွေ၊ မြေစာပုံတွေ စွန့်ပစ်တာ၊ ချောင်းကိုပိတ်ဆို့ပြီး မြေဖို့တာတွေကြောင့် ရေကြီးရေလျှံမှုတွေက မိုးရာသီရောက်တိုင်း နှစ်စဉ်နှစ်တိုင်း ဖြစ်နေကျပါ။ သက်ဆိုင်ရာက ချောင်းရိုးတလျှောက် လုပ်ပိုင်ခွင့် ချပေးထားတဲ့ ရွှေလုပ်ကွက်တွေ၊ မြေစာပုံတွေရဲ့ စည်းကမ်းမဲ့မှုတွေကြောင့် ဒီ ရေကြီးရေလျှံမှုဒဏ်ကို ဒေသခံတွေက နှစ်တိုင်း ခံစားနေကြရတာပါ” လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်း အသေးစားနဲ့ လက်လုပ်လက်စား ရွှေလုပ်ကွက်တွေ တရားဝင် တူးဖော်ခွင့်ကို ကချင်ပြည်နယ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က စတင် ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့်ဒေသမှာ နှစ်စဉ် ပွင့်လင်းရာသီရောက်ရှိတဲ့အခါ ဥရုချောင်းထဲက စွန့်ပစ်မြေစာတွေကို ဖယ်ရှားရှင်းလင်းလေ့ရှိပေမယ့် နိုင်ငံရေး အခြေအနေကြောင့် ၂၀၂၂ ခုနှစ်မှစတင်ကာ မြေစာရှင်းလင်းခြင်း လုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
“မြေစာ ရှင်းလင်းခြင်းလုပ်ငန်းတွေ မလုပ်နိုင်တော့တာကြောင့်ရော၊ စွန့်ပစ်မြေစာတွေ ပိုများလာတာကြောင့်ရော ဥရုချောင်းက လက်ရှိမှာ ပိုပိုပြီးတော့ကို ကျဉ်းမြောင်းလာနေပါပြီ။ မိုးရွာတဲ့အခါ နှစ်ရက်၊ သုံးရက်လောက် ဆက်ပြီး မိုးရွာ၊ မိုးများမှာကို ဒီကလူတွေက အရမ်းကို စိုးရိမ်နေကြရတယ်။ နှစ်တိုင်း ကြုံနေရတဲ့ ရေဘေးဒဏ်ကို ရက်ရှည် ကြုံကြရမှာကို ဘယ်သူမှ မဖြစ်ချင်ကြဘူး။ အကုန်လုံး စိတ်ညစ်နေကြရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက ဖားကန့်မြို့နယ်မှာ ဥရုချောင်းရေဟာ သုံးနှစ်အတွင်း ၁၀ ပေအထိ စံချိန်တင် မြင့်တက်ခဲ့တဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
ဖားကန့် ရေကြီးမှုဖြစ်စဉ်ဟာ နှစ်စဉ် ဩဂုတ်လမှာသာ ဖြစ်ပေါ်တတ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ တလကျော်ပိုစောပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာလို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
အခုလို ဥရုချောင်း မြေစာပုံကိစ္စကြောင့် မိုးရာသီရောက်တိုင်း ဖားကန့်မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးစည်သူလွင်က “ဖားကန့်မှာ ကျောက်စိမ်းတူးတဲ့ ကိစ္စကို စပြီးတော့ ဖွင့်ပေးလိုက်ကတည်းက စည်းကမ်းတွေနဲ့ စနစ်တကျ၊ ဒါတွေတော့ လုပ်ရမယ်၊ ဒါတွေတော့ မလုပ်ရဘူး၊ ဒါတွေ ဒီလိုဖြစ်သွားရင် လျော်ကြေးပြန်ပေးရမယ်ဆိုတာမျိုး စနစ်တကျ စာချုပ် ချုပ်ခဲ့တာ မရှိခဲ့ဘူးပေါ့။ အဓိက ပြဿနာကတော့ အဲ့ဒါတွေပေါ့။ EIA,SIA (လူမှုပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက်) မရှိဘူးပေါ့။ ဖားကန့်မှာ အဲ့လို စီးပွားဖြစ် ကျောက်စိမ်း တူးတဲ့ကိစ္စတွေ စလုပ်တဲ့အချိန်တုန်းက EIA,SIA မပြောနဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတောင် မရှိသေးဘူးလေ” လို့ သုံးသပ် ပြောဆိုပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရှိဖို့လည်း လိုအပ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းဆိုတာမှာ လူနေမှုအဆင့်အတန်း ပိုမိုမြင့်တက်လာစေသော (ဒါမှမဟုတ်) လူသားတို့ရဲ့ လူမှုဘဝအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေနဲ့ အရင်းအမြစ်တွေ ဖန်တီးပေးစေနိုင်သော နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး (ဒါမှမဟုတ်) အခြေခံ လူနေမှုအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်လာမှုကို ဆိုလိုတယ်လို့ သိရပါတယ်။
အခြေခံအဆောက်အအုံလို့ ဆိုတာမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှုဖြစ်တဲ့ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းတွေလိုမျိုး (ဒါမှမဟုတ်) ရုပ်ပိုင်းဆိုင်ရာမဟုတ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပိုမိုကောင်းမွန်တဲ့ အစိုးရတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
“ကုလသမဂ္ဂကနေပြီးတော့ Sustainable Development ကိုချပြီးတော့ သွားခိုင်းနေတာပေါ့။ ၂၀၁၅ ခုနှစ်မှာ စပြီးတော့ ချတယ်။ ၂၀၃၀ မှာ ပြည့်ရမယ်တဲ့။ အခု ၂၀၂၄ ဖြစ်နေပြီ။ Sustainable Development ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ အသုံးအနှုန်းထက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု။ ရေရှည်တည်တံ့တယ်ဆိုတာက ဒီနေ့ ငွေ ၁၀၀ ဝင်ရမယ်၊ မနက်ဖြန် ငွေ ၁၀၀ ဝင်ရမယ်၊ သန်ဘက်ခါ ငွေ ၁၀၀ ဝင်ရမယ်၊ အဲ့လို တရက်ကို ၁၀၀ ပုံမှန်တက်နေရမယ် ဆိုလိုတာမဟုတ်ဘူး။ ဒီနေ့ ငါးကျပ် ဝင်ချင်ဝင်မယ်၊ နောက်တနေ့ ၁၀ ဝင်ချင်ဝင်မယ်၊ နောက်တနေ့ ၁၅ ကျပ် ဝင်ချင်ဝင်မယ်။ သူက အမြဲတမ်း တက်နေတယ်။ အဲ့တော့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အဲ့လိုပဲထားပြီး သတ်မှတ်တာပေါ့။ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ဖို့ဆိုရင် အဓိက ပြောချင်တာက သယံဇာတကို အလွန်အကျွံ အားကြီးနဲ့ ထုတ်သုံးလို့ရှိရင် ထွက်နေတဲ့အချိန်မှာတော့ အဆင်ပြေနေမှာပဲ။ ပိုက်ဆံတွေဝင်နေတာကိုး။ အဲ့ဒီ့ဟာတွေကုန်ပြီ မရှိတော့ဘူးဆိုတဲ့ တနေ့ကျ လူသူလေးပါး မနေသင့်တဲ့အရပ် ဖြစ်ပြီး ကျန်ခဲ့မှာ” လို့ ဦးစည်သူလွင်က ပြောပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေး ဆိုတာဟာ ဖွံ့ဖြိုးရေးလုပ်ငန်းအမျိုးအစားတမျိုးဖြစ်ပြီး ဖွံ့ဖြိုးမှု ရေရှည်တည်တံ့ခြင်းလို့ ဆိုရာမှာ ကာလရှည်ကြာစွာ အဲဒီဖွံ့ဖြိုးမှုကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် သဘာဝဖြစ်စဉ်တွေက အရင်းအမြစ်တွေကို ဖန်တီးဖြစ်ပေါ်နိုင်စေမှု အချိန်ကာလထက် ပိုမိုမြန်ဆန်စွာ ကုန်စင်အောင် အသုံးချမှုတွေကို ရှောင်ကျဉ်ရမှာဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေးဟာ အများပြည်သူရဲ့ လူမှုရေးရာကဏ္ဍကို ရေရှည် အကျိုးပြုရမှာဖြစ်တယ်လို့ သိရပါတယ်။
ဆိုလိုတာကတော့ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုဆိုင်ရာတွေကို လေးစားလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့နဲ့ အကာအကွယ် အကင်းမဲ့ဆုံးဖြစ်တဲ့ ပြည်သူတွေ (ဆင်းရဲသူတွေ၊ တိုင်းရင်းသား မျိုးနွယ်စုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ) ရဲ့ အကျိုးစီးပွားကို ထည့်သွင်း လုပ်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေဟာ လူသားတွေအပေါ် ရေရှည်မှာ ဆိုးကျိုးတွေ သက်ရောက်ခြင်း ရှိနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
Photo:CJ