တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရုရှားသမ္မတပူတင် တရုတ်သွားမယ်



မော်စကို၊ မေ-၁၅-၂၀၂၄
မျိုးဆက်(VOM)

ရုရှားသမ္မတ ပူတင်ဟာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မနက်ဖြန် မေ ၁၆ ရက်မှာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း ရုရှား သမ္မတနန်းတော်က အတည်ပြု ထုတ်ပြန်ပါတယ်။

ဒါဟာ ပူတင်အနေနဲ့ ပဉ္စမမြောက် သမ္မတသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပြီးနောက်မှာ သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး တရုတ်နိုင်ငံမှာ နှစ်ရက်ကြာနေထိုင်မှာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ဖိအားပေးမှုတွေကို ဖီဆန်ကာ ပူတင်နဲ့ ရှီကျင်းပင်တို့အကြား အကန့်အသတ်မဲ့ မိတ်ဖက်ဆက်ဆံရေးကို မီးမောင်းထိုးပြတာဖြစ်ကြောင်း အကဲခတ်တွေက ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပူတင်ရဲ့ ခရီးစဉ်ကို အတည်ပြုပြောဆိုထားပြီး သမ္မတနှစ်ဦးဟာ နိုင်ငံတကာနဲ့ ဒေသတွင်းက စိုးရိမ်ပူပန်စရာကိစ္စတွေအပြင် စီးပွားရေး၊ စစ်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ယူကရိန်းအရေးတို့ကို အပြန်အလှန်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ တရုတ်က ရုရှားရဲ့ ဗျူဟာမြောက် မိတ်ဖက်ပါ။ ဒါဟာ ရုရှားသမ္မတနဲ့ တရုတ်ခေါင်းဆောင်တို့ ရွေးချယ်တဲ့လမ်းကြောင်းဖြစ်ပြီး အနောက်နိုင်ငံတွေ ဘာပြောပြော ဘာလုပ်လုပ် ဘယ်အရာကမှ ပြောင်းလဲသွားမှာမဟုတ်ဘူး”လို့ အမည်မဖော်လိုတဲ့ ရုရှားတာဝန်ရှိသူတယောက်က ပြောပါတယ်။

Ref:Reuters
Photo:Reuters

Related posts

✕
VOM News

FREE
VIEW