အင်းစိန်မှာ လမ်းကူးသူနှစ်ယောက် YBS ကြိတ်မိလို့ သေဆုံး



မေ ၁၅ – ၂၀၂၄
SN (VOM)

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ မနေ့ မေလ ၁၄ ရက်နေ့ ညပိုင်းက YBS 131 ယာဉ်က လမ်းကူးသူ အမျိုးသမီးနှစ်ယောက်ကို တက်ကြိတ်မိခဲ့လို့ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ရွှေမေတ္တာ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

အဲဒီ ဖြစ်စဉ်ဟာ အင်းစိန်မြို့နယ်ရှိ ဘိုခြံမှတ်တိုင်အနီး၊ တညင်းကုန်းမှ အင်းစိန်ဘက် လာရာလမ်းကြောမှာ မနေ့ ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“တယောက်က နေရာမှာတင် သေဆုံးသွားတယ်။ နောက်တယောက်ကတော့ ဆေးရုံပို့ရင်း လမ်းမှာ ဆုံးသွားတယ်လို့ ပြောတယ်။ သူ့ကိုကျတော့ ပြန်လည်ရှင်သန်ရေး ပရဟိတအဖွဲ့က ဆေးရုံကိုပို့ပေးတာ” လို့ ရွှေမေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ မရွှေလဲ့က ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူ အမျိုးသမီးနှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို အင်းစိန်ဆေးရုံရှိ ရေခဲတိုက်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၆ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမ၊ (၃) လမ်းဆုံ မီးပွိုင့်အနီးမှာ လမ်းကူးနေသူ အမျိုးသားတယောက်ကို YBS (92) မှ တိုက်မိခဲ့တာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလဆန်းပိုင်းအထိ သုံးလအတွင်း YBS ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူ ၁၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃၂ ယောက် ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရပါတယ်။

YBS ယာဉ် မတော်တဆမှုတွေမှာ လမ်းသွားလမ်းလာတွေကို တိုက်မိတဲ့ ဖြစ်စဉ်က အများဆုံး ဖြစ်ပြီး YRTC ရဲ့ စာရင်းတွေအရ အခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီ ၃ ရက်အထိ လမ်းဖြတ်ကူးသူကို တိုက်မိမှုကြောင့် သေဆုံးသူ ငါးယောက်နဲ့ ဒဏ်ရာရရှိသူ လေးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ရွှေမေတ္တာ လူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW