H&M brand ထုတ်တဲ့ အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးပေးဖို့ အလုပ်သမားတွေဆန္ဒပြတောင်းဆိုနေကြ

 

ဇွန် ၁၀ – ၂၀၂၄
GG (VOM)

ရန်ကုန် ၊ရွှေပြည်သာစက်မှုဇုန်ထဲက Kingsrich Myanmar fashion အထည်ချုပ် စက်ရုံမှာ အခြေခံ လုပ်ခလစာတိုးပေးဖို့အတွက် အလုပ်သမားတွေက စက်ရုံတွင်းဆန္ဒပြမှုဖြစ်ပွားနေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေဆီကသိရပါတယ်။

ဒီနေ့ ဇွန်လ ၁၀ ရက်နေ့မနက်ပိုင်း စက်ရုံလုပ်ငန်းခွင်ရောက်ရှိချိန်ကတည်းက အလုပ်သမားတွေဟာ အလုပ်မလုပ်ဘဲ စက်ရုံတွင်းမီးပိတ်ကာ ဆန္ဒပြပြီး လုပ်ခလစာတိုးပေးဖို့တောင်းဆိုခဲ့တာဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ စက်ရုံတာဝန်ရှိသူတွေနဲ့ညှိနိူင်းနေကြဆဲဖြစ်တယ်လို့သိရပါတယ်။

” သူတို့က အခုခေါင်းဆောင်မရှိဘူး၊အခုလောလောဆယ်တဆိုင်းကိုတယောက်ကိုခေါ်ပြီးညှိနိူင်းနေတယ်၊ သူတို့တောင်းတာကလုပ်ခလစာတိုးပေးဖို့တခုတည်းပဲ၊တခြားတောင်းဆိုမှုမပါဘူး၊သူတို့ကအခုမနက်မှဆန္ဒပြကြတာဆိုတော့ခုမှညှိနိူင်းနေကြတုန်း၊စက်ရုံမှာတော့ စစ်ကားနဲ့ရဲကားရောက်လာတယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်းရောက်လာတယ်သိရတယ်၊အခုကတော့ အလုပ်သမားတွေပဲဆွေးနွေးနေကြတာ ” လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတယောက် ကပြောပါတယ်။

လက်ရှိမြင့်တက်လာတဲ့အခြေခံစားသောက်ကုန်အပါမဝင် ကုန်စျေးနူန်း ကြီးမြင့်မှုကြောင့် လက်ရှိရရှိနေတဲ့ အခြေခံလုပ်ခလစာနူန်းထား အဆင်မပြေတော့တဲ့အတွက် အလုပ်သမားတွေကလုပ်ခလစာတိုးပေးဖို့ တောင်းဆိုကြတာဖြစ်တယ်လို့သိရပါတယ်။

အလုပ်သမားတွေတောင်းဆိုမှုနဲ့ပတ်သက်လို့စက်ရုံရဲ့ တာဝန်ရှိသူတယောက်က ” ဝန်ထမ်းတွေအားလုံးက ကုန်စျေးနူန်း တက်တဲ့အတွက်လစာတိုးလိုချင်ကြတာပါ၊ကုမ္ပဏီကတော့ ဝန်ထမ်းတွေရောစက်ရုံဘက်ရောကြည့်ပြီးလုပ်ရမှာပါ၊ဝန််ထမ်းတွေကအေးချမ်းစွာတောင်းဆိုကြတာပါ၊အခုက၅၈၀၀တော့ပေးထားပါတယ်၊အဲ့ဒါကိုတိုးပေးဖို့တောင်းဆိုကြတာပါ၊အခုကုန်စျေးနူန်းတွေကြောင့်ထပ်တိုးဖို့တောင်းဆိုကြတာပါ၊တောင်းဆိုတာကိုဝန်ထမ်းတွေအနေနဲ့ဘယ်လောက်တောင်းဆိုသလဲဆိုတာသီးသီးသန့်သန့်မထွက်သေးတော်အခုမေး​ေနတုန်းညှိနိူင်းနေတုန်းပါပဲ ” လို့ ပြောပြပါတယ်။

အလုပ်သမားတွေ ဆန္ဒပြနေကြတဲ့ Kingsrich Myanmar Fashion အထည်ချုပ်စက်ရုံက ရွှေပြည်သာ စက်မှုဇုန်၊ အမှတ် ၃၉/၁၊ ၂၊ ၃၊ ရေပြာလမ်း၊ ၁၈ ရပ်ကွက်မှာရှိပြီး နာမည်ကြီး H & M brand အမှတ်တံဆိပ်အဝတ်အထည်တွေချုပ်လုပ်တဲ့ စက်ရုံဖြစ်ပြီး စက်ရုံအလုပ်သမားထောင်ချီရှိတယ်လို့သိရပါတယ်။

အနည်းဆုံးလုပ်ခလစာနူန်းထားကို နှစ်နှစ်တကြိမ် ပြောင်းလဲသတ်မှတ်ရမယ်လို့ဥပဒေမှာပြဋ္ဌာန်းထားပေမယ့် ၂၀၁၈ ခုနှစ်နောက်ပိုင်းကစပြီး ခုချိန် ၆ နှစ်ကြာတဲ့အထိလုပ်ခလစာနူန်းထားအသစ်ကို သတ်မှတ်ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

လုပ်ခလစာနူန်ထားအသစ် မသတ်မှတ်ဘဲ ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ အလုပ်သမားဝန်ကြီးဌာနက အခြေခံလုပ်ခလစာနူန်းထား ၄၈၀၀ ကျပ်အပေါ် ထပ်တိုး ထောက်ပံကြေးအဖြစ် တရက်ကို ၁၀၀၀ ကျပ်တိုးပေးဖို့ သတ်မှတ်ခဲ့ပါတယ်။

အဆိုပါ ၅၈၀၀ နူန်းဟာ အဆမတန်မြင့်တက်လာတဲ့ကုန်စျေးနူန်းတွေနဲ့ယှဥ်ရင် အဆင်မပြေတာကြောင့် တရက်လုပ်ခလစာဟာ ၁၀၀၀၀ ကျပ်လောက်ရရှိမှသာအဆင်ပြေမယ်လို့အလုပ်သမားတွေကပြောဆိုထားပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW