စကားပြေလား၊ စကားပြောလား

 

ဆူးငှက်

ကုန်လွန်ခဲ့သော ဆယ်စုနှစ် ၂စုကျော် ၂၀၀၀ခုနှစ် နိုဝင်ဘာလဆန်းရက်၏ မိုးစိမ့်စိမ့် နံနက်စောစောတွင် မန်္တလေး-လားရှိုးလမ်းမကြီးဘေး အောင်ချမ်းသာရွာစွန် လက်ဖက် ရည်ဆိုင်လေးမှ နွားနို့ကဲသော ချိုစိမ့်စိမ့် လက်ဖက်ရည် တစ်ခွက်စီ သောက်အပြီး မိုးရေစိုစွတ်ဆဲ ဝေးပြေးလမ်းမကြီးအတိုင်း တည်းခိုရာ နေရာလေးဆီသို့ ကျွန်တော်တို့ ၃ဦးသား လမ်းလျှောက်ပြန်ခဲ့ကြသည်။ ကျွန်တော်တို့ ၃ဦးသားဟု တန်းညှိ၍ ဆိုရာတွင် ကျန် ၂ယောက်က ကျွန်တော့်ထက် အသက်ရော ဝါရော ကြီးသူများ ဖြစ်ကာ နိုင်ငံရေးအရ ခိုင်ကျည်သော ယုံကြည်ချက်ဖြင့် နရသိန် ၂ကျော့ပြန်များ ဖြစ်သည်။

တစ်ဦးက အင်္ဂလိပ်စာပြဆရာ အယ်ဒီတာ၊ တစ်ဦးက သုတေသန သမား စာကြည့်တိုက်မှူး။ အင်္ဂလိပ်စာပြဆရာ အယ်ဒီတာက ကျွန်တော့် အစ်ကိုလို ဆရာလို ဖြစ်သည်။ သုတေသနသမား စာကြည့်တိုက်မှူးက မန္တလေးရောက်တာ မကြာသေး၊ သူ့ကို ကျွန်တော်သိတာ မကြာသေး၊ အခုလို အတူခရီးထွက်ဖြစ်မှ သူနှင့် စကားပြောဖြစ်သည်။ သုံးယောက်သား တစ်ညလုံး အိပ်ရေးပျက်ထားကြသော်လည်း အေးမြသော ရာသီ ဥတုကြောင့် ပင်ပန်းနွယ်နယ်သည်ဟု မထင်ရ။ စာမူတွေ၊ ပရု(ပ)တွေ၊ မင်နီမင်ပြာတွေ၊ မျဉ်းတံပေတံတွေ၊ ကွန်ပျူတာ စာလုံးပွိုင့်တွေ၊ အနှောင့်ကျွတ်လု ပိုးထိုး သတင်းစာဟောင်းတွေနှင့် တစ်နှစ်ပတ် လုံး နပန်းလုံးခဲ့ကြရာမှ နှစ်ရက်နှင့် တစ်ညမျှ အပန်းဖြေ နားနေခရီးအတွက် စိတ်ပျော်ရွင်နေလို့လည်း ဖြစ်မည်။

 

တကယ်တော့ ကျွန်တော်တို့ သုံးယောက်တွင် ကျွန်တော့်မှာ ဘာမှ မယ်မယ်ရရ ဖြစ်မြောက်သူ မဟုတ်သောကြောင့် ယခုလို ကြုံခေါင့် ကြုံခဲ တွေ့ရချိန်တွင် ဆရာ နှစ်ယောက်၏ စကားများ အတွေ့အကြုံများ အတွေးအခေါ်များကိုသာ နာယူသင့်ပါ၏။ သို့သော် စာဖတ်နာလှသည့် စာကြည့်တိုက်မှူးက ရေစိုနေလည်း လမ်းပေါ် ပါဝါထူ မျက်မှန်အားကိုးဖြင့် ဂရုတစိုက် ခပ်စမ်းစမ်း လမ်းလျှောက်ရင်း “ကျွန်တော် အပြင်ရောက်လာမှ ခင်းဗျားစာတွေ ကို တချို့ ပြန် ဖတ်ရတယ်။ ကျွန်တော်မရှိတုန်းကတော့ ခင်းဗျားကို ဝတ်္ထုတိုတွေ အတော်များများရေးတယ်လို့ ကြားဖူးတယ်ဗျ။ ဒါပေမယ့် ပြန်ဖတ်ဖြစ်တာပါ။ မမျှော်လင့်ဘဲ တစ်ခရီးတည်း သွားမိကြတော့ ကျွန်တော် သိချင်တာလေးတွေ မေးချင်တာနဲ့ အတော်ပဲ” တဲ့။ ကိုင်း ခက်ကပြီ။

 

စာကြည့်တိုက်မှူး၏ စကားကို လုံးစေ့ပတ်စေ့ ကြားဖို့ ကျွန်တော်က သူနှင့် အတက်နိုင်ဆုံး ဘေးတိုက်ယှဉ်လျက် အနေအထားဖြင့် ခပ်ဖြည်းဖြည်းပဲ လမ်းလျှောက်လိုက်ရ၏။ ခက်တော့အခက်သား . . . ။ သူကဲ့သို့ စာဖတ်နာသူတစ်ဦးက ကျွန်တော်စိတ်ကူးရသလို ရေးထားသည့် ခပ်ချာချာစာတွေနှင့် ပက်သတ်၍ မေးမြန်းရမည်ဆိုတော့ အခက်သား . . . ။

“မေးပါဆရာ ကျွန်တော် သိသလောက်ဖြေပါ့မယ်” ဟူသော ကျွန်တော့တုံပြန်မှု၌ အားမပါမှန်း စာကြည့်တိုက်မှူး သိပုံမရ ။ မတက်နိုင်တော့ . . . ။

စောစောက အုံ့နေသော မိုးဆီတွင် ဆီးတွေဆိုင်းနေဖြင့် ပုံဖမ်းမရသော လမ်းနံဘေးခြံဝင်းတချို့မှာ အခုတော့ ကိုယ်ရောင်ပြ ကြလေပြီ။ စိုက်ခင်း . . ၊ ပန်းပင် . . ၊ ဝါးရုံတော . . ၊ မြေနီလမ်း။
“ကျွန်တော် ခင်ဗျားစာတွေ ဖတ်ကြည့်တော့ ပထမ ဦးဆုံး သတိထားမိတာ အရေးအသားပဲဗျ။ ဖတ်မကြည့်ဖူးခင် ကြားဖူးကတည်းက ကိုယ့်စိတ်ကူးနဲ့ကိုယ် ထင်ထားတာက မန္တလေးသားလည်းဖြစ်တယ်။ မန္တလေးအကြောင်းအရာ တွေချည်းပဲ တစိုက်မတ်မတ် ရေးနေတယ်ဆိုတော့ သေချာပြီဗျာ၊ ခင်ဗျား စာတွေဟာ စကားပြောသလို ရေးမယ့် စာတွေပဲ ဆိုတာ . . .”

 

တကယ်တော့ ကျွန်တော်စာဖတ် သန်စအရွယ်မှာ နှစ်နှစ်သက်သက် ခုံခုံမင်မင် ကြိုက်နှစ်သက်သော စာရေးဆရာမှာ လူထုဒေါ်အမာဖြစ်သည်။ အထူးသဖြင့် ဒေါ်ဒေါ် လူထုဒေါ်အမာ၏ အနုပညာရပ်ဆိုင်ရာ ဆောင်းပါးများ စာအုပ်စာတမ်းများကို မလွတ်တမ်း စွဲလန်းစွာ ဖတ်ရှုခဲ့သည်။ ကျွန်တော်က ၁၉၅၉ ခု ဖွား ဆိုတော့ ၁၉၆၇ခုနှစ်မှာ ပိတ်သိမ်းခဲ့သော လူထုသတင်းစာကို ကလေးဘဝကပဲ မှီခဲ့သည်။ ၇နှစ်၊ ၈နှစ်သား ဆိုတော့ လူရာမဝင် သေး။ လူထုသတင်းစာ၏ သြဇာသက်ရောက်ခဲ့ရသည်ဟု ပြောမရ။

 

သို့သော် တော်တော်စာဖတ်များသည့် အချိန်တွင် အိပ်ရာဘေးထား၊ တစွက်စွက်ဖတ်ဖြစ်သည့် စာအုပ်တွေက ပြည်သူချစ်သော အနုပညာသည်များ၊ အငြိမ့်၊ အောင်ဗလဖိုးစိန်၊ စိန်ကတုံး၊ ရွှေဥဒေါင်းတောင် ဆောင်းပါးများ စသည်တို့ဖြစ်သည်။ အိုယန်ကီးတို့၊ ငွေနှင့် လက်နက်၊ ဆိုရှယ်လစ်တိုင်းပြည်များသို့ ဆိုတာတွေက နောက်မှ။

 

ထိုစဉ်က ဟံသာဝတီသတင်းစာမှာ၊ ရှုမဝမှာ၊ မိုးဝေမှာ ပါတက်သည့်ဆောင်းပါးများကို ပိုပြီး စွဲညိခဲ့သည်။ နောက်တော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ရွှေမန်းတင်မောင်၊ ချင်းတွင်းမှ ပင်လယ်သို့၊ လက်ကမချချင်တော့။

 

ဒေါ်ဒေါ် လူထုဒေါ်အမာ၏ စာအုပ်တွေဖတ်ရင်း ခြူရေးခြုံပါ ဆိုသလို အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက ထုတ်ဝေခဲ့သော စာပေစာတမ်းတွေကို မဖြစ်မနေဖတ်ရှုရသည်။ ထိုစာတမ်းတွေထဲမှာ “ဗမာသံတွေ ပျောက်ကုန်ပြီ” စသော စာတမ်းထဲက ဒေါ်ဒေါ့်လေကို မတူ တူအောင်တု ရေးသည်။

 

တကယ်တော့ အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းက ထုတ်ဝေသော ဗမာစာ အရေးအသားသစ် စာတမ်း သြဇာကလည်း လွှမ်းနေသည်။ ဒါ မန္တလေးမူဟု စွဲမြဲစွာ ဆုပ်ကိုင်ထားသည်။ လိုက်နာကျင့်ကြံသည်။ ဒီမူကိုပဲ တစိုက် မတ်မတ်။

 

တကယ်တမ်း ကိုယ့်စာတွေက ၁၉၈၃ခုနှစ်နောက်ပိုင်း သောင်းပြောင်းထွေလာမှာ ၊ စပယ်ဖြူမှာ၊ သဘင်မှာ၊ ဆရာမြသန်းတင့်ကိုင်သည့် စန္ဒာမှာ စသည်ဖြင့် ပုံနှိပ်ဖေါ်ပြတော့ ကိုယ့်စကားပြော အရေးအသားက ဒေါ်ဒေါ့်ဟန်ကို ဇွတ်အတုယူ ရေးထားပေမယ့် ဒေါ်ဒေါ့်ခြေဖဝါးအောက်က မြေမှုန်လောက်ပင် မရှိခဲ့။ မတူပဲ “အတု”အတုပြယုဂ်ကြီးက ငေါလောကြီး ပေါ်နေသည်။ ထိုအခါ ကိုယ့် ကိုယ်ကိုယ်လည်း မညှာမတာ ပြန်မေးမိ၏ ။

 

“စကားပြောသလို အရေးအသားကို တကယ်ပဲ နှစ်သက်တာလား၊ လူထုဒေါ်အမာရေးတာ သဘောကျတာနဲ့ ကိုယ်ရေးလို့ ဖြစ်မလား၊ စကားပြေကောင်းတွေရော ပစ်ပယ်သလား၊ မကြိုက်ဖူးလား၊ အတုမယူချင်ဘူးလား၊ မညာနဲ့ ” ဆိုတော့။ ဟုတ်ပါသည်။ ကျွန်တော်သည် ထိုစဉ်က ဆရာဒဂုန်တာရာ၏ စကားပြေကို စွဲလန်းနှစ်သက်ပါသည်။ နု . . နွဲ့ . . နော့ လို့။ ကောင်းလှချည့်။
××××× ×××××

 

မေမြို့ဘက်မှ လာသည့်ကားတချို့ နောက်ကယ်ရီ ယာပေါ်တွင် ကုန်အပြည့်နှင့် တဝေါဝေါဆင်းသွားကြ၏။ မိုးသား ကောင်းကင်က ပို၍ညို့လာပုံရသည်။ နံနက် ၆နာရီ ဟူသော အလင်းဓာတ်သည် သူ့ စွမ်းရည်ကို အပြည့်အ၀ အသုံးမချရသေး။ ကျွန်တော် ရှည်ရှည်လျားလျား ရှင်းပြနေမှုကို စာကြည့်တိုက်မှုက ထူထဲသော မျက်မှန်အောက် မျက်လုံးအစုံဖြင့် ခပ်မှေးမှေး အားယူကြည့်ရင်း “စကားပြေမှာ ဆရာဒဂုန်တာရာကိုပဲ ကြိုက်ခဲ့တာလား” “ဒီလိုတော့လည်း မဟုတ်ပါဘူးဆရာ၊ အဲဒီကာလက ဖတ်ခဲ့ရတဲ့ စာအုပ်တွေထဲမှာ ဥပမာဆိုပါ တော့ ဆရာမြသန်းတင့် စကားပြေတွေ ကြိုက်တယ်။ ဆရာ ဗန်းမော်တင်အောင်ရဲ့ စာအုပ်းတွေမှာ သူ့စကားပြေရဲ့ ခံ့ညားမှု တွေကို လေးစားတယ်။ ပြီးတော့ ဆရာနိုင်ဝင်းဆွေရဲ့ “နွေတစ်ည”တို့၊ “ညအင်္သချေ”တို့၊ “မြစပယ်ရုံ”တို့၊ “ဘဝစာမျက်နှာများ”တို့ စကားပြေတွေဆို ခဏခဏ ပြန်ဖတ်ဖြစ်အောင် ကြိုက်တယ်။ ဒီတော့ စကားပြော သလို ရေးမှ၊ စကားပြေနဲ့ရေးမှရယ်လို့ မဟုတ်ပါဘူး။ အနုပညာမြောက်ဖို့၊ ဦးတည်ချက်မှန်ဖို့ ဆိုတာကိုပဲ ခံယူတာပါ။”

 

“အခုနောက်ပိုင်း ခင်ဗျားရေးသမျှ စကားပြေနဲ့ချည်းပါပဲ။ စကားပြောသလိုရေးတာ မတွေ့ရသလောက်ဆိုတော့ မန္တလေးမူ၊ မန္တလေးဟန်နဲ့ မန္တလေးစံကို ပစ်ပယ်လိုက်တာလား ”
“မဟုတ်ပါဘူးဆရာ၊ စာစရေးတုန်းကတော့ စကားပြောသလိုရေးတာ လူထဲပိုကျတယ်။ ပိုထိရောက်တယ် ဆိုတာနဲ့ ကိုယ်လေးစားတဲ့ စာရေးဆရာကြီးတွေကိုပဲ ရေးဖြစ်ခဲ့တာပါ။ မန္တလေးမူ၊ မန္တလေးစံရယ်လို့ မခံယူခဲ့ပါဘူး။ ဆောင်းပါးမှာတောင် စာပေသဘောတရား၊ သတင်းဆိုင်ရာ၊ အချက်အလက် ဦးစားပေးတွေမှာသာ စကားပြောသလို ရေးရတာ အဆင်ပြေတာပါ။ အဖွဲ့အနွဲ့ ဟန်ပန်ပါတဲ့ ဆောင်းပါးမျိုးမှာ စကားပြေနဲ့ရေးလိုက်ရမှ အားရတာပါ”

 

“ဒါဆိုရင် ခင်ဗျားက ဘယ်လိုစာပေပုံစံကို မဆို စကားပြောသလို မရေးနိုင်ဘူး ဝန်ခံသလိုဖြစ်မနေဘူးလား”

“မှန်ပါတယ်ဆရာ ။ တကယ်တော့ စာတစ်ပုဒ်ကို ချောမွေ့နေအောင် ရသမြောက်အောင် စကားပြောနဲ့ရေးဖို့က အင်မတန် ခက်ပါတယ်။ ကျွန်တော်လက်လှမ်းမမီပါဘူး”
“ကဲ ခင်ဗျားနဲ့က ပထမမေးခွန်းမေးပြီးပြီ။ ဒုတိယ မေးခွန်းဘက် ဆက်ဦးမယ် ”

အင်္ဂလိပ်စာပြဆရာ အယ်ဒီတာက သူ၏ ညစဉ် ပြုဖွယ်ဖြစ်သော ပုတီးစိတ် ဂုဏ်တော်ရွတ်ပွား ခြင်းကို လမ်းလျှောက်ရင်း တိတ်ဆိတ်စွာ ဆောင်ရွက်နေသည်။ စာကြည့်တိုက်မှူးက ပုတီးစိတ်သူ အနှောက်အယှက်မဖြစ်အောင် ကျွန်တော့ဘေး ကပ်ပြီး စကားကို ခပ်အုပ်အုပ် ပြောလိုက်သည်။

 

“ခြံရောင်းမည်”ဟူသော ဆိုင်းဘုတ်တပ်ထားသည့် ခြံတစ်ခြံအတွင်းမှ ငှက်တစ်ကောင် ဝှီးကနဲ့ ထပြန်ပြေး သည်။ ဘာငှက်မှန်းမသိ။ ပျိုးပင်တစ်ခင်းကတော့ မိုးရေချိုးထားလို့ လန်းဆတ်ဦးမော့နေ၏ ။

ကျွန်တော်တို့သည် ဝေးပြေးကတ္တရာလမ်းမကြီးမှ ညာဖက်သို့ ဖဲ့ဆင်းသွားသော မြေနီလမ်းကလေးဆီ ချိုးကွေ့လိုက် ကြသည်။ ရှေ့မှသွားနှင့်သော ထီးကောက်တစ်ဖက်နှင့် အယ်ဒီတာ က ကျွန်တော်တို့ကို စောင့်ခေါ်နေသည်။ မြေလမ်းအစမှာပင် ရေအိုင်တွေထွန်းနေသဖြင့် သတိထားပြီး ခြေလှမ်းနေရသည်။ ဆက်တိုက်ရွာထားသည့် မိုးကြောင့် တစ်ချို့ ကျောက်စရစ်မျက်နှာ ပြင်များပေါ်၌ စိမ်းဖန့်ဖန့် ရေညှိတွေ တက်နေကြ၏ ။

ဖြည်းဖြည်း၊ သတိထား . . . ။

ဆူးငှက်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW