ဖေဖော်ဝါရီ ၅ – ၂၀၂၅
GG (VOM)
ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်၊နာနတ်တောင်ရွာမှာ မိသားစုလိုက်အစာအဆိပ်သင့်ပြီး ကလေးငယ် သေဆုံးကာ ကျန်မိသားစုသုံးယောက်က ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။
မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့ညပိုင်းမှာ ငါးပူတင်းဟင်းချက်စားပြီးနောက် ကလေးငယ်နှစ်ယောက်အပါအဝင် မိသားစုလေးယောက်လုံး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာမှာ အချိန်မီဆေးရုံသွားရောက်နိုင်ခြင်းမရှိခဲ့တာကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
အစာအဆိပ်သင့်မှုကြောင့် လက်ရှိဆေးကုသနေရသူတွေထဲမှာ အဖေဖြစ်သူနဲ့ အသက်နှစ်နှစ်အရွယ်ကလေးငယ်တို့ကလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။
” မနေ့ညကတည်းက မိသားစုလိုက်အစာအဆိပ်သင့်တာကို ခုမနက်၇နာရီမှဘုန်းဘုန်းတို့ဆီအကြောင်းကြားတာ။ မိသားစုလိုက်ဖြစ်တာဆိုတော့ဘယ်သူမှအသိမပေးနိုင်ဘူး။ ပတ်ဝန်းကျင်ကအသိပေးမှဘုန်းဘုန်းတို့သိရတာ။ အချိန်မီမဆက်သွယ်နိုင်တဲ့အကျိုးကြောင့် ခုလိုအသက်သေတဲ့အထိဖြစ်ရတယ်လို့ယူဆတယ်။ သူတို့ရွာကလည်းဖွံ့ဖြိုးမှုအားနည်းတဲ့ရွာပါ။ တောလမ်းတွေကသွားလာရတယ်။ အခုအစာအဆိပ်သင့်တဲအထဲမှာ ၅နှစ်ကလေးကဆုံးသွားပြီ။ အဖေနဲ့ ကျန်တဲ့ကလေးလေးကလည်း ကသတိရတချက်မရတချက်။ အမေဖြစ်သူပဲကောင်းကောင်းသတိရတယ်။” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အေးမြ ဖြူစင်ဇီဝိတဒါနသွေးလှူရှင်အသင်းမှ တာဝန်ရှိသူဆရာတော်အရှင်ဝဏ္ဍသီရိက မိန့်ပါတယ်။
လက်ရှိမှာတော့ အစာအဆိပ်သင့်မှုဒဏ်ခံစားနေရတဲ့ မိသားစုဝင်သုံးယောက်လုံးကို မြောင်းမြ ဆေးရုံမှာ ဆေးဝါးကုသမှုပေးနေတယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တုန်းကလည်းပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ ဝက်ဖြူကုန်းရေဘေးရှောင်စခန်းမှာ လူ ၄၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပါတယ်။
အလားတူစက်တင်ဘာ ၁၇ ရက်ကလည်း နေပြည်တော်ကောင်စီတပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာမှာ ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်ကို စားသောက်ပြီးနောက် လူ ၁၀၀ ကျော်အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့ပါတယ်။
ဇူလိုင်လ ၈ ရက်နေ့ကလည်း မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်က ကျောက်ရေတွင်းရွာမှာ ကလေးအပါအဝင် လူ ၁၃ ယောက်အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။
မေလထဲမှာလည်း ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ဘဲဥငံပြာရည်ချက်နဲ့ ထမင်းဗူးကိုစားပြီး ကလေးအပါအဝင် လူ ၄၅ ယောက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့လို့ ဆေးရုံတက်ကုသမှုခံခဲ့ရပါတယ်။
Photo – အေးမြဖြူစင်အသင်း