တိုက်ပွဲကြောင့် စလင်းမြို့နယ်မှာ စစ်ရှောင် ၇၀၀၀ ကျော်ထိ ရှိလာ

ဖေဖော်ဝါရီ ၉ – ၂၀၂၅
SN (VOM)
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပြီး လက်ရှိမှာတော့ စစ်ရှောင်အရေအတွက် ၇၀၀၀ ကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
စလင်းမြို့နယ်မှာ နစကတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်အရေအတွက် တိုးလာနေခြင်းဖြစ်ကာ အခြေခံ စားသောက်ကုန်တွေအပြင် ဆေးဝါးနဲ့ အဝတ်အထည်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
“ဆင်ဖြူကျွန်းမြို့ကို လက်နက်ကိုင် ပူးပေါင်းတပ်တွေ ဝိုင်းထားတာကြောင့် ခြေလျင်တပ်ရင်း ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ စတဲ့တပ်တွေက အနီးနားက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်နေတာ။ အဲဒါကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်နေရတယ်။ တချို့က စစ်ရှောင်နေတာ တနှစ်လောက်ရှိနေပြီ။ တချို့ကတော့ တိုက်ပွဲဖြစ်မှ ရှောင်ကြတာတွေရှိတယ်။ ဖမ်းဆီးခံရတာတွေလည်း ရှိနေတော့ ဘယ်သူမှ ရွာထဲမနေရဲကြတော့ဘူး။ လတ်တလောကတော့ လက်နက်ကြီး ပစ်ခတ်သံတွေ အဆက်မပြတ် ကြားနေရတယ်။ နေအိမ် ပျက်စီးတာတွေလည်း ရှိနေတယ်” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိမှာ နစကတပ်ဖွဲ့ဟာ စလင်းမြို့ပေါ် ရှိ မြို့မရဲစခန်း၊ မြို့နယ်မှူးရုံး၊ ထွေအုပ်ရုံးတွေမှာ ခြေကုပ်ရယူပြီး မြို့အဝင်အထွက်နေရာတွေမှာ စစ်ဆေးခြင်း၊ ကင်းပုန်းဝပ်ခြင်းတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
စလင်းမြို့ရဲ့ တောင်ဘက်မှာ ခလရ (၂၅၃)၊ (၂၅၄)၊ (၂၅၅) တပ်ရင်းတွေ တည်ရှိတဲ့အတွက် စလင်းမြို့ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်ကို နစကတပ်က လုံခြုံရေးတင်းကျပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်မှာလည်း လင်းဇင်းရွာအနီးက အုန်းတောရွာနဲ့ မြောင်းကြားရွာမှာ မီးလောင်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း သရက်ချဉ်ရွာအနီးမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စလင်းမြို့နယ် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော၊ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒါအပြင် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အနောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၃ ရက်နေ့က ပုသိမ် – မုံရွာလမ်းမပေါ်ရှိ ဒေသတွင်းလက်နက်ကိုင်တပ်တွေ တည်ရှိတဲ့ ၃ မိုင်ဂိတ်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖေဖော်ဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
နစကစစ်ကြောင်းဟာ လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီးနောက် အနီးအနားကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ရင်း ရောက်ရှိလာကာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ရုန်းပင်ရွာကို ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့မှာ လက်နက်ကြီးပစ်ကူနဲ့ ကြီးအုံကြီးဝတမံကို ရောက်ရှိလာတာကြောင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာတွေကြောင့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကာ ကျေးရွာ ၁၀ ရွာက သောင်းနဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒါအပြင် ပေါက်မြို့ပေါ်မှာရှိတဲ့ အစားအသောက် ဆေးဝါးနဲ့ အသုံးအဆောင်တွေကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိတဲ့ ကျေးရွာတွေဆီ သယ်ဆောင်တာ မလုပ်ဖို့ နစကတပ်က တားဆီးပိတ်ပင်ထားတယ်လို့ သိရပါတယ်။
ကျေးရွာတွေကနေ မြို့ပေါ် ကို အသွားအလာတွေလည်း တင်းကျပ်ထားတဲ့အတွက် ဒေသခံတွေဟာ ကျန်းမာရေးအတွက် ဆေးကုသမှု မလုံလောက်တဲ့အပြင် အလုပ်အကိုင် ရှားပါးပြီး ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်ကိုလည်း ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်း ကားလမ်းပေါ်မှာလည်း နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး နစကတပ်ဟာ ငဖဲမြို့နယ်က စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW