Ms(VOM)
ဖေဖော်ဝါရီ၁၆၊၂၀၂၅
ဧရာ၀တီတိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေပေမယ့် မော်တင်စွန်းဘုရားပွဲတော်ကို မူလကျင်းပမြဲရက်များ အတိုင်းသာ ၁၅ရက်ကြာပြုလုပ်သွားမှာဖြစ်ကြောင်း ဂေါပကအဖွဲ့ကပြောပါတယ်။
မော်တင်စွန်းဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ် ၁၃ ရက်အထိကျင်းပပြုလုပ်ဖို့ရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ဘုရားပွဲတော်ကျင်းပဖို့ ဘုရားစေတီတော်ရင်ပြင် သန့်ရှင်းစေဖို့ပြင်ဆင်ဆောင်ရွက်တာတွေနဲ့ ဘုရားဖူးတွေရဲ့လုံခြုံရေးပိုင်းတွေအတွက် လုပ်ဆောင်ဖို့ပြုလုပ်နေတယ်လို့ဆိုပါတယ်။
” ဘုရားပွဲကလုပ်ဖြစ်တာဟုတ်ပါတယ်။နှစ်စဉ်အတိုင်းပါပဲ ၊နှစ်စဉ်ပြုလုပ်နေကြ ရက်အတိုင်း လုပ်နေကြအတိုင်းလုပ်မှာပါ၊ကျန်တဲ့ဘုရားပွဲတော်အစီစဉ်တွေက ဘုရားပွဲလုပ်မယ့်ရက်နီးလာရင်ပြန်ပြောမှာပါ”လို့ မော်တင်စွန်းစေတီတော်ဂေါပကအဖွဲ့ဝင်တယောက်ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်များအတွင်း ရခိုင်ပြည်နယ်အစပ်ဖြစ်တဲ့၊ဧရာဝတီတိုင်းငပုတောမြို့နယ်အနီးကရွာတွေမှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားတာတွေရှိခဲ့သလို မော်တင်စွန်းတောင်ခြေအနီးနဲ့ ဘုရားဖူးလာရာလမ်းတွေမှာ လုံခြုံရေးတပ်ဖွဲ့စခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေ ပြုလုပ်စစ်ဆေးတာတွေရှိနေကြောင်း ဒေသခံတွေထံကသိရပါတယ်။
” မော်တင်စွန်းဘုရားပွဲကဒီနှစ်တော့အကျဉ်းချုံးလုပ်မယ်ကြားနေရတာပဲ၊၁၅ရက်လုပ်တာကတော့နှစ်စဉ်အဲဒီရက်အတိုင်းပါပဲ။တိုက်ပွဲတွေဖြစ်တာရှိတော့အရင်ကလောက်တော့စည်မှာမဟုတ်ဘူးထင်တယ်။ဈေးဆိုင်ခန်းနဲ့တည်းခိုနေရာတွေတော့ မလုပ်ကြသေးဘူး။ပွဲတော်ကျင်းပရေးဘက်ကတော့ ဈေးဆိုင်တွေကိစ္စမကြာခင်ပြောမယ်ပြောတယ်။ခုထိတော့ ဘုရားပွဲတော်အတွက်သေချာမသိသေးဘူး။ရေကြောင်းကနေဘုရားဖူးလာမယ့်သူတွေအတွက်ကတော့ဒီဖေဖော်ဝါရီ၅ရက်ထဲကသင်္ဘောစပြေးနေတယ်”လို့ ငပုတောမြို့နေ ဒေသခံတယောက်ကပြောပါတယ်။
နှစ်စဉ် တပေါင်းလဆန်း ၁ ရက်ကနေ တပေါင်းလပြည့်နေ့အထိ ၁၅ ရက်ကြာ မော်တင်စွန်းဘုရားပွဲတော်ကို ကျင်းပတာဖြစ်ရာ ဘုရားဖူးများတနှစ်ထက်တနှစ်များပြားလာခဲ့လို့၂၀၂၃ခုနှစ်မှာ စေတီတော်ရင်ပြင်ကို တိုးချဲ့ပြုပြင်တာတွေရှိခဲ့တယ်လို့သိရပါတယ်။
မော်တင်စွန်းဘုရားမှာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းအနီး ပင်လယ်ကမ်းစပ်ရှိ မော်တင်အငူတွင်တည်ရှိတဲ့ ဆံတော်ရှင် စေတီတော်မြတ်တစ်ဆူလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်နဲ့ ငသိုင်းချောင်းဘက်မှာ နစကနဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ရေးတင်းမာနေပါတယ်။
Photo:CJ