ထိုင်ဝမ်ရေလက်ကြားမှာ ကနေဒါစစ်သင်္ဘောဖြတ်သန်းပြီးနောက် ကျွန်းအနီးကို စစ်လေယာဉ် ၂၄ စင်း တရုတ်စေလွှတ်

ပေကျင်း၊ ဖေဖော်ဝါရီ-၁၇-၂၀၂၅
မျိုးဆက်(VOM)
တရုတ်နဲ့ ထိုင်ဝမ်အကြား အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို ကနေဒါစစ်သင်္ဘောတစင်း ဖြတ်သန်းခုတ်မောင်းပြီးနောက် ကျွန်းအနီးကို တရုတ်စစ်တပ်က စစ်လေယာဉ် ၂၄ စင်း စေလွှတ်ခဲ့ပါတယ်။
ဒါဟာ ယခုနှစ်အတွင်း ကနေဒါစစ်သင်္ဘောတစင်း ပထမဆုံးအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောနှစ်စင်း ဖြတ်သန်းခုတ်မောင်းပြီးနောက် ရက်ပိုင်းအကြာမှာ ဖြတ်သန်းခဲ့တာလို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တိုက်လေယာဉ်တွေ ၊ မောင်းသူမဲ့လေယာဉ်တွေအပါအဝင် တရုတ်စစ်လေယာဉ် ၂၄ စင်းဟာ စစ်သင်္ဘောတွေနဲ့အတူ ကျွန်းအနီးမှာ ပူးတွဲတိုက်ခိုက်ရေး အဆင်သင့်ပုံစံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ကနေဒါစစ်သင်္ဘောဖြတ်သန်း ခုတ်မောင်းမှုကိုလည်း လမ်းကြောင်း ပြောင်းဖို့တရုတ်စစ်တပ်က သတိပေးခဲ့တယ်လိုပ ထိုင်ဝမ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေဟာ နိုင်ငံတကာရေပိုင်နက်ဆိုကာ ထိုင်ဝမ်ရေလက်ကြားကို ပုံမှန်ဖြတ်သန်းခုတ်မောင်းမှုတွေ ပြုလုပ်ခဲ့ပြီး ဒီကိစ္စအပေါ် တရုတ်နိုင်ငံက အမျက်ဒေါသထွက်နေပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်ကလည်း အမေရိကန်ဖရီးဂိတ်စစ်သင်္ဘောတစင်းနဲ့ သုတေသနသင်္ဘောတစင်းတို့ဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့ပြီး တရုတ်ဘက်ကတော့ ဒါဟာ မှားယွင်းတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး ဒေသတွင်းမှာ လုံခြုံရေးအန္တရာယ် တိုးလာတယ်လို့ သတိပေးထားပါတယ်။
Ref:AFP
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW