ရန်ကုန်နဲ့ မန္တ‌လေးတိုင်းက ကျောင်းတွေကို အဆင့်လျှော့ချဖို့ရှိသလို ကျောင်းတွေ ပေါင်းခိုင်းနေ

မတ် ၁၉ – ၂၀၂၅
SN (VOM)
ရန်ကုန်တိုင်းနဲ့ မန္တ‌လေးတိုင်းက အထက်တန်း၊ အလယ်တန်း ကျောင်းတွေကို အဆင့်လျှော့ချပြီး ကျောင်းတွေ ပေါင်းခိုင်းနေတယ်လို့ ပညာရေးအသိုင်းအဝိုင်းက သိရပါတယ်။
ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူ အင်အား နည်းပါးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းတွေကို အဆင့်လျှော့ချဖို့၊ sanction တွေ သိမ်းဖို့ ပညာ‌ရေးဝန်ကြီးဌာနကနေ ညွှန်ကြားစာတွေ ထွက်လာတယ်လို့ အလယ်တန်းပြ ဆရာမတယောက်က ပြောပါတယ်။
“နိုင်ငံရေးဖြစ်တဲ့ အချိန်တွေမှာ ဆရာ၊ ဆရာမတွေရော၊ ကျောင်းအုပ်ကြီးတွေရော၊ ကျောင်းသူ၊ ကျောင်းသားတွေရောက ကျောင်းတက်ချင်တဲ့စိတ် တခုတည်းနဲ့ အသက်ကို ဖက်နဲ့ထုပ်ပြီးမှ ကျောင်းဖွင့်နိုင်အောင် ကြိုးစား ရပ်တည်ပြီး ကျောင်းတက်ခဲ့ကြတာပါ။ ဒါပေမယ့် နိုင်ငံရေးအခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသားမိဘတချို့နဲ့ သဘောထားကွဲလွဲပြီး အပြင်ကျောင်းတွေမှာ ထားတာရှိသလို၊ မထားရဲတဲ့ ကျောင်းသားမိလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ရှိတဲ့လူနည်းစုလေးနဲ့ပဲ ကျွန်မတို့က နိုင်ငံတော်ရဲ့ ပေါ်လစီအတိုင်း ကြိုးစားရပ်တည်ခဲ့ကြတာပါ။ အဲဒီလို နေလာခဲ့ပေမယ့်လည်း အခုချိန်မှာတော့ ကျောင်းသားအင်အား နည်းတယ်ဆိုတဲ့ ပြစ်ချက်နဲ့ပဲ ကျွန်မတို့ကျောင်းတွေကို အဆင့်လျှော့ချဖို့၊ sanction တွေ သိမ်းဖို့ဆိုတဲ့ စာတွေထွက်လာပါတယ်။ ဆရာ၊ ဆရာမတွေရော၊ မိဘတွေရောက ဒါကို လက်မခံနိုင်ပါဘူး” လို့ သူက ပြောပါတယ်။
မန္တလေးတိုင်းအတွင်းမှာတင် ချမ်းအေးသာစံမြို့နယ်မှာ အဆင့် လျှော့ချခံရတဲ့ ကျောင်း ၁၀ ကျောင်းဝန်းကျင်ရှိပြီး အဲဒီကျောင်းတွေထဲမှာ အထက (၆)၊ အထက (၂၃)၊ အထက (၁၅)၊ အလက (၁)၊ အလက (၉) အစရှိတဲ့ ကျောင်းတွေလည်း ပါဝင်ကာ အထက်တန်းကနေ အလယ်တန်း၊ အလယ်တန်းကနေ မူလတန်းအဆင့်ကို လျှော့ချခံထားရတဲ့ ကျောင်းတွေ ရှိသလို အထက်တန်းကနေ မူလတန်းအဆင့်အထိ လျှော့ချခံလိုက်ရတဲ့ ကျောင်းတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
“အထက ၁၅ က မနှစ်ကတည်းက ကျောင်းသားအင်အား မရှိတဲ့အတွက် လားရှိုး ပညာရေးကောလိပ်အဖြစ် ကလေးတွေ စာသင်ဖို့အတွက် တဝက်ကိုပေးထားရပါတယ်။ လားရှိုးကောလိပ်က ဟိုဘက်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် မနှစ်ကတည်းက မန္တလေးကိုပြောင်းလာတာ။ အဲဒီ အထက ၁၅ ကိုလည်း အခု မူလတန်းကျောင်းအဖြစ် လျှော့ချလိုက်ပါတယ်” လို့ သူက ပြောပါတယ်။
အခုလို ကျောင်းအဆင့် လျှော့ချလိုက်တဲ့အတွက် အထက်တန်းပညာ သင်ယူရမယ့် ကျောင်းသား၊ ကျောင်းသူတွေကဟာ တခြား အထက်တန်းအဆင့် ရှိတဲ့ ကျောင်းတွေမှာ သွားရောက်ပူးပေါင်းပြီး ဆက်လက် ပညာသင်ကြားရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အခုလို ကျောင်းအဆင့် လျှော့ချခံရတာနဲ့ ပတ်သက်ပြီး ပြန်လည် စဉ်းစား သုံးသပ်ပေးဖို့ ပညာရေးဝန်ကြီးဌာနဆီ အသနားခံစာ တင်ဖို့အတွက် တချို့သောကျောင်းတွေက ကျောင်းသားဟောင်းတွေက ပြင်ဆင် ဆောင်ရွက်နေတာရှိပေမယ့် တချို့ကျောင်းသားဟောင်းတွေကတော့ ညီညွတ်မှုမရှိတဲ့အတွက် စာတင်ဖို့ မဖြစ်နိုင်သေးဘူးလို့ သူက ပြောပါတယ်။
မြဝတီမြို့နယ်ပညာရေးမှူး ဦးမိုးကျော်ကတော့ ဒီလို ကျောင်းအဆင့်လျှော့ချပြီး ကျောင်းတွေ ပေါင်းခိုင်းတာဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက မြန်မာနိုင်ငံ တဝန်းလုံးမှာရှိတဲ့ ကျောင်းတွေမှာ ပြုလုပ်လာတာဖြစ်ပြီး နယ်မြေအနေအထားအရ ကျောင်းသား မရှိတော့တဲ့ နေရာတွေကိုသာ အဓိကထား ပြုလုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။
“ဒါက နေရာတိုင်း မဟုတ်ပါဘူး။ ဥပမာ ကျောင်းတကျောင်းက အလယ်တန်းအဆင့် ရှိတယ်ပေါ့။ ဒါပေမယ့် အဲဒီမှာ ကျောင်းသား မရှိတော့ဘူး။ သတ်မှတ်ထားတဲ့ section ချပေးတဲ့ အရေအတွက်ထက် တအားနည်းနေရင်တော့ အနီးဆုံးကျောင်းနဲ့ ကျောင်းသားတွေရော၊ ဆရာ၊ ဆရာမတွေကိုရော ပေါင်းခိုင်းတာပါ။ ကျောင်းသား ရှိလာရင်တော့ ပြန်ပေးမှာပေါ့။ အဲဒီသဘောပါပဲ” လို့ ဦးမိုးကျော်က ပြောပါတယ်။
မြဝတီမြို့နယ်ဘက်မှာလည်း ပြီးခဲ့တဲ့ နှစ်တွေကတည်းက ကျောင်းပေါင်းခိုင်းတာတွေ ရှိနေပြီး တချို့သော နေရာတွေမှာတော့ နယ်မြေအနေအထားအရ သွားရလာရ ခက်ခဲတာကြောင့် ကျောင်းတွေပေါင်းဖို့ အဆင်မ‌ပြေတဲ့အတွက် ပညာရေးဌာနဆီ ပြန်လည် တင်ပြရတာတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
“တမင်သက်သက်ကြီး ကျောင်းသားတွေ ရှိရဲ့သားနဲ့ section ပေါင်းခိုင်းတာတော့ မရှိပါဘူး။ အဲဒီလို အခြေအနေမျိုးဆိုရင်လည်း အထက်လူကြီးတွေဆီ ပြန်တင်ပြလို့ရပါတယ်။ ကလေးတွေ အများကြီးရှိနေရင် ရှိနေတယ်၊ အဲဒီလိုမှ မဟုတ်ရင် မြစ်ကူးချောင်းကူး၊ တောင်တက်တောင်ဆင်း၊ နယ်မြေအနေအထား၊ လမ်းပန်းဆက်သွယ်ရေး၊ သွားရလာရခက်တယ်၊ အဲဒါတွေကြောင့် ဒီနေရာတွေမှာပဲ ကျောင်းထားသင့်ပါတယ်ဆိုပြီး ပြန်တင်ပြရတာတွေ ရှိပါတယ်။ အခုလိုမျိုး ကျောင်းတွေ ပေါင်းခိုင်းဖို့ ဆိုတာကိုလည်း ပညာရေးဝန်ကြီးဌာနက မြို့နယ် ပညာရေးမှူးရုံးတွေကို နှစ်တိုင်းမေးတာပါ။ section ပေါင်းရမယ့် ကျောင်းတွေရှိရင် တင်ပြပါဆိုပြီး။ မရှိရင်လည်း မရှိတဲ့အကြောင်း တင်ပြလို့ရပါတယ်” လို့ သူက ပြောပါတယ်။
အခုလို ကျောင်းတွေ အဆင့်လျှော့ချပြီး ကျောင်းပေါင်းခိုင်းတာဟာ အောက်ခြေကနေသာ သွားရတာဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အတင်းအဓမ္မ ဖိအားပေး တိုက်တွန်းတာမျိုး မဟုတ်ဘဲ တာဝန်ရှိသူ အဆင့်ဆင့်အလိုက် နယ်မြေကွင်းဆင်း စစ်ဆေးပြီးမှသာ ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ပညာရေး ဆိုတာဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေပေါ်မှာ မူတည်ပြီး လှုပ်ရှားပြောင်းလဲရတာ ဖြစ်တဲ့အတွက် နေရာ‌ဒေသအလိုက် တည်တည်ငြိမ်ငြိမ်နဲ့ ဆောင်ရွက်လို့ရတဲ့ လုပ်ငန်းတွေ ရှိသလို၊ စီမံခန့်ခွဲမှုအရ ခေတ္တ ရွှေ့ပြောင်းပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စေတွနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ပညာရေးဝန်ကြီးဌာနကို VOM က မေးမြန်းထားပေမယ့် ဖြေဆိုမပေးသေးတာမို့ ဘယ်လိုလျှောချမယ် ဘယ်ကျောင်းတွေပေါင်းမယ်ဆိုတဲ့ အရေအတွက် အတိအကျ မသိရသေးပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW