ဦးကိုကို (ကိုကို စက်မှု) ဦးဆောင်ပြီး ပြည်တွင်း/ပြည်ပ ပညာရှင်တွေ ပါဝင်မယ့် ၂၀၂၅ အလွန်မြန်မာနိုင်ငံရဲ့စိန်ခေါ်မှု Forum on Myanmar Beyond 2025 ကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပနေ

မတ် ၂၁ – ၂ဝ၂၅
KKO(VOM)
ပြည်တွင်း/ပြည်ပ ပညာရှင်တွေ ပါဝင်မယ့် ၂၀၂၅ အလွန်မြန်မာနိုင်ငံရဲ့စိန်ခေါ်မှု Forum on Myanmar Beyond 2025 ကို ဒီကနေ့နေပြည်တော်မှာ ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီနေ့ပြုလုပ်တဲ့ Forum ကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့စီစဉ်မှုနဲ့ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank)အဖွဲ့က ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး Forum ပြုလုပ်ရခြင်းရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဒီကနေ့ Forum မှာပါဝင်တက်ရောက်မယ့် ပညာရှင်တယောက်က VOM ကိုအခုလို ပြောပြပါတယ်။
“အဓိကက လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေကို နိုင်ငံတကာကသိအာင် နောက်တခုက ဒီ ၂ဝ၂၅ အလွန်မှာ ဖြစ်လာမယ့် အခင်းအကျင်းပေါ့နော်၊ဒီအခင်းအကျင်းကိုလည်း နိုင်ငံတကာက မှန်းဆနိုင်အောင်ဒါကိုလုပ်ကြတာပေါ့၊ လုပ်တဲ့အခါမှာ ဒါကိုအဓိကကတော့ ဗဟုဝင်ရိုးနဲ့ပတ်သက်ပြီးတော့မှ ကျွမ်းကျင်တဲ့ နိုင်ငံတကာကပညာရှင်တွေပါတယ်။သူတို့ကလည်း သူတို့ရဲ့အမြင်တွေ သူတို့ရဲ့စဉ်းစားချက်တွေကိုဒီ Forum မှာရှင်းလင်းတင်ပြမှာပေါ့။ပြည်တွင်းက ပညာရှင်ပုဂ္ဂိုလ်တွေလည်းပါတယ်ဆိုတော့ သူတို့က ဒါကိုတင်ပြမယ့်သဘောရှိပါတယ်”လို့ Myanmar Narrative Think Tank ရဲ့အဖွဲ့ဝင် ဒါရိုက်တာတ‌ယောက်ဖြစ်တဲ့ ဦးကျော်လင်းဦးက ပြောပါတယ်။
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ Myanmar Narrative Think Tank ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကနေ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီ Think Tank အဖွဲ့မှာဆိုရင် အဖွဲ့ ခေါင်းဆောင်ဥက္ကဌ အဖြစ် ဦးကိုကို(စက်မှုတက္ကသိုလ်)၊ ဒါရိုက်တာများအဖြစ် ဒေါက်တာဇော်ဦး၊ ဒေါက်တာနိုင်ဆွေဦး၊ ဒေါက်တာခင်မောင်လွင်၊ ဦးကျော်လင်းဦးတို့က ဦးဆောင်ပါဝင်တယ်လို့ သိရပါတယ်။
ဒါအပြင် ယနေ့ပြုလုပ်မယ့် Forum သို့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီနိုင်ငံတွေက ပညာရှင်တွေလည်းတက်ရောက်ကြမယ်လို့ သိရပါတယ်။
“ဒီနေ့ Forum မှာ နိုင်ငံတကာက ပညာရှင်တွေတော်တော်လေးပါပါတယ်။အိန္ဒိယပါမယ်၊ ရုရှားပါမယ်၊ တရုတ်နဲ့ ထိုင်းပါမယ်။ နောက်
နီပေါပါမယ် ၊အီတလီပါမယ် ၊ပြည်ပပညာရှင်တွေ အများစုလည်းတက်ကြပါမယ်။ ပြည်ပနိုင်ငံ ခြောက်နိုင်ငံကတက်ပါမယ်။ Forum နဲ့ ပတ်သက်လို့ အကျိုးရလဒ်ကတော့ လေးနှစ်အတွင်းမှာ ဒီလိုနိုင်ငံတကာပုံစံကြီးကျင်းပနိုင်တာပေါ့နော်၊နောက်ဒီ Forum ပြီးတဲ့အခါမှာ နိုင်ငံတကာက မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ နိုင်ငံရေးရည်ရွယ် ချက်တွေကိုလည်းသိလာနိုင်ပါမယ်။ ပြည် တွင်းက တတ်သိပညာရှင်တော်တော်များများလည်း ဒီနေ့ဖိုရမ်မှာပါဝင်တက်ရောက်ကြမှာဖြစ်ပါတယ်”လို့ Myanmar Narrative Think Tank အဖွဲ့ဝင် တယောက်က ဆက်ပြီး ပြောပြပါတယ်။
ဒီနေ့ နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(၁) (MICC I)မှာပြုလုပ်မယ့် Myanmar Narrative Think Tank ဖိုရမ်အခမ်းအနားသို့ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေလည်း တက်ရောက် မိန့်ခွန်းပြောကြားမယ်လို့ သိရပြီးဆွေးနွေးပွဲ ပထမပိုင်းအစီအစဥ်တွင် “ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနှင့်အာရှ၏ အခန်းကဏ္ဍ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဆွေးနွေးပွဲ ဒုတိယပိုင်းနဲ့ တတိယပိုင်းအစီအစဉ်မှာ “၂ဝ၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီ စီးပွားရေးစိန်ခေါ်မှုများနှင့် ရရှိနိုင်မည့်အခွင့်အလမ်းများ” ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၅ အလွန်မြန်မာနိုင်ငံရဲ့စိန်ခေါ်မှု Forum ကျင်းပပြုလုပ်နေတဲ့ အပေါ် နိုင်ငံရေးလ့လာ အကဲခတ်သူတယောက်ကလည်း
“၂၀၂၅ အလွန် စိန်ခေါ်မှုကတော့ တိုင်းပြည်ပျက်ကြီးကို ဘယ်လိုလုပ်မလဲ ရွေးကောက်ပွဲက တကယ်ဖြစ်မှာလား၊ဖြစ်ရင်တက်လာတဲ့ အစိုးရက တိုင်းပြည်ပြန်ထူထောင်ရမယ့် စိန်ခေါ်မှု၊ ငြိမ်းချမ်းရေးအလားအလာတွေက လုပ်ရမှာအများကြီး၊ အခွင့်အလမ်းဆိုတာကတော့ အာဏာရရင် လုပ်တတ်ကိုင်တတ် လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့သူေတွဦးဆောင်ရင်တော့ တမျိုးပေါ့ ဘာပဲပြောပြော ဘာမှမလုပ်တာနဲ့စာရင် ခုလိုပွဲလုပ်တာ မဆိုးပါဘူး”လို့ သူရဲ့ အမြင်ကို ပြောပြခဲ့ပါတယ်။
ဒီနေ့လုပ်တဲ့ပွဲအစီအစဥ်ကို နိုင်ငံပိုင်ရုပ်သံ MRTV က live လွှင့်ပြသမယ်လို့လည်းသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW