ကန့်သတ်ချက်တွေကြောင့် ပြည်ပကို အလုပ်သမားစေလွှတ်မှု ၁၀ ဆလောက် လျော့ကျသွားပြီး တရားမဝင် သွားရောက်မှု ဆက်လက်မြင့်တက်နေ

မေ – ၁၀ ၊၂၀၂၅
GG (VOM)
စစ်မှုထမ်းဥပဒေပြဌာန်းပြီး အသက် ၁၈နှစ်မှ ၃၅ နှစ်အတွင်းအမျိုးသားတွေကို ပြည်ပအလုပ်ထွက်လုပ်ခွင့် ကန့်သတ်လိုက်ပြီးနောက်ပိုင်းကစ လက်ရှိအချိန်မှာ ပြည်ပကို တရားဝင်လမ်းကြောင်းကနေ အလုပ်သမားစေလွှတ်နိုင်မှုမှာ အရင်ကထက် ၁၀ ဆလောက်အထိလျော့ကျသွားတယ်လို့သိရပါတယ်။
ယခင်ပုံမှန်အချိန်ကဆိုရင် ပြည်ပနိုင်ငံတွေကို မြန်မာလုပ်သားစေလွှတ်မှုမှာ တလကို လူဦးရေ ၃၀၀၀၀ လောက်အထိ ရှိခဲ့ပြီး လက်ရှိမှာတော့ တလကိုအလုပ်သမားစေလွှတ်နိုင်မှုက ၃၀၀၀ အောက်အထိကျဆင်းလာတယ်လို့သိရပါတယ်။
” ပုံမှန်ဆို ၃၀၀၀၀ ဝန်းကျင်လောက်ရှိမယ်။ ခုကန့်သတ်ပြီးနောက်မှာ ၃၀၀၀ အောက်ကိုကျသွားပြီ။ခုတရားမဝင်သွားတဲ့သူက တရားဝင်သွားတဲ့သူထက်ပိုများတယ်။အဲဒီတော့ နိုင်ငံတော်လူကြီးတွေကိုသိစေချင်တာကတရားဝင်လမ်းကြောင်းကနေ မှန်ကန်တဲ့ကန့်သတ်မှုလေးတွေနဲ့မှန်မှန်ကန်ကန်ထိန်းချုပ်ပြီးတော့ သွားဖို့လုပ်စေချင်တယ်။အဲဒီလိုမဟုတ်ဘဲ တော်တော်များများကြီးကို ကန့်သတ်လိုက်တယ်ဆိုရင်တရားမဝင်သွားတာက နိုင်ငံတော်ပြန်လာမယ့်အခွန်တွေလည်းဆုံးရှုံးတယ်။အလုပ်သမားတွေလည်း အခက်အခဲတွေတွေ့စေတယ်။ကိုယ့်နိုင်ငံသားတွေရဲ့ဂုဏ်သိက္ခာ၊လုံခြုံမှုဘဝ ၊ မိန်းကလေးတွေဆိုလည်းအဖမ်းခံရရင်မသင့်တော်ဘူး။ လုပ်ခလစာခေါင်းပုံဖြတ်ခံရမှုတွေအများကြီးပေါ့။” လို့ MOEAF အသင်းဝင်တယောက်ကပြောပါတယ်။
စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း စစ်မှုထမ်းအကျုံးဝင်အသက်အရွယ်အမျိုးသားတွေကို ပြည်ပထွက်ပြီးအလုပ်လုပ်ခွင့်ကို အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်ကန့်သတ်လိုက်ခြင်း၊ နိုင်ငံအလိုက် စေလွှတ်ရမယ့် အလုပ်သမားအရေအတွက်ကို လျှော့ချကာ အကန့်အသတ်နဲ့သာစေလွှတ်ခွင့်ပြုခြင်းအပါအဝင် စတဲ့ စည်ကမ်းတွေတင်းကြပ်လာတာကြောင့် တရားဝင်စနစ်နဲ့ အလုပ်သမားစေလွှတ်နိုင်မှုမှာ သိသိသာသာကျဆင်းလာပြီး တရားမဝင်သွားရောက်မှုက မြင့်တက်လာ နေတာဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ ပြည်ပကို ထွက်ခွာပြီး အလုပ်သွားလုပ်ဖို့အတွက် EC စာချုပ်တွေချုပ်ဆိုပြီး စောင့်ဆိုင်းနေတဲ့ အလုပ်သမားတွေကို အကျုံးဝင် အသက်ကန့်သတ်ချက်မှ ဖြေလျှော့ပြီး ပြည်ပထွက်ခွာခွင့်ပြုပေးရေး အလုပ်သမားဝန်ကြီးဌာနကို MOEAF အပါ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီတွေပူးပေါင်းပြီး စာတင်ပြတောင်းဆိုထားတယ်လို့သိရပါတယ်။
” ၁၈ နဲ့ ၃၅ကိစ္စကို ဖြေလျှော့ပေးဖို့တင်ပြနေတယ်။အခုလောလောဆယ်အကြောင်းပြန်တာတော့မရှိသေးပေမယ့်တခုခုတော့ထူးခြားမယ်ထင်တယ်။လွန်ခဲ့တဲ့တဲ့နှစ်၊လတွေထဲကစပြီးအကုန်လုံး ဘာသာစကားတွေတက်ထားတယ်၊workpermitတွေလျှောက် ထားတယ်။ဆေးထွက်ထားတယ်။နှစ်နိုင်ငံသဘောတူစာချုပ်တွေချုပ်ထားတယ်။နှစ်နိုင်ငံဗီဇာတွေလျှောက်ထားတယ်။အချိန်တွေရောကုန်ထားတယ် ငွေကြေးတွေရောကုန်ထားတယ် အကုန်ထိခိုက်မယ်။ပြီးတော့နှစ်နိုင်ငံကတိကဝတ်တွေ ထိခိုက်ကုန်မှာပေါ့။အထူးသဖြင့်အလုပ်သမားတွေလူမှုရေးစီးပွားရေးငွေကြေး ဆုံးရှုံးမှုတွေအများကြီးပေါ့။ဒါတွေကိုတခုခုတော့ပြန်သုံးသပ်ပြီး ခွင့်ပြုသင့်တယ်လို့ထင်တယ်။မဟုတ်ရင် အကျိုးဆက်တွေက ကအရမ်းကြီးသွားနိုင်တယ်။” လို့ သူကဆက်ပြောပါတယ်။
လက်ရှိမှာ ပြည်ပနိုင်ငံတွေကို အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် နှစ်နိုင်ငံသဘောတူစာချုပ်တွေချုပ်ဆိုထားပြီး ထွက်ခွာခွင့်မရတဲ့ မြန်မာလုပ်သားအရေအတွက် ၁၀၀၀၀ ဝန်းကျင်လောက်ရှိနေတယ်လို့သိရပါတယ်။
အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသား ပြည်ပထွက်အလုပ်လုပ်ခွင့်ကိုတော့ ၂၀၂၅ ခုနှစ်ဇန်နဝါရီလမှာ အလုပ်သမားဝန်ကြီးဌာနက တရားဝင် ကန့်သတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာ နိုင်ငံအလိုက် အလုပ်သမားစေလွှတ်ရမယ့် အရေအတွက်ကိုလည်း ကန့်သတ်ခဲ့သလို ပြည်ပကနေ ခွင့်ရက်နဲ့ပြန်လာတဲ့ မြန်မာလုပ်သားတွေကိုလည်း OWIC ကတ်လျှောက်ထားရာမှာ စာရွာက်စာတမ်းမပြည့်စုံသူတွေနဲ့ အသက်ကန့်သတ်ချက် အကျုံးဝင်သူတွေကို ကတ်ပြုလုပ်မပေးဘဲ ထွက်ခွာခွင့်မပြုတာတွေရှိနေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW