မေ ၊ ၁၈ ၊ ၂၀၂၅
SP (VOM)
စစ်ကိုင်းတိုင်း အောက်ပိုင်း ယင်းမာပင်ခရိုင်နဲ့ မုံရွာခရိုင်နယ်ထဲက ကွမ်းစိုက်တောင်သူတွေဟာ အခုရက်ပိုင်းအတွင်း ကွမ်းစိုက်ခြံတွေဘက်မှာ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲတာကြောင့် ကွမ်းခြံတွေဘက်မှာ ဘယ်သူမှ မသွားရဲ မလာရဲ ဖြစ်နေရပြီး ကွမ်းရွက်တွေ မခူးနိုင်တော့ဘူးလို့ ကွမ်းစိုက်တောင်သူတွေဆီက သိရပါတယ်။
” ဘယ်က ပစ်မှန်းမသိရတဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတယ် ၊ကွမ်းခြံတချို့ ပျက်စီးတာတွေရှိတယ် ၊ မီးလောင်တဲ့ ခြံတွေလဲရှိတယ်၊ ဘယ်သူမှ အခုရက်ပိုင်း ကွမ်းခူးမသွားရဲကြဘူး ” လို့ ယင်းမာပင်မြို့နယ် ရေကြည်ပင်ရွာခံ ကွမ်းစိုက်တောင်သူ တယောက်က ပြောပါတယ်။
အလားတူ ဖြစ်စဥ်တွေကတော့ ဆားလင်းကြီးနယ်နဲ့ မုံရွာနယ်ဘက်တွေမှာလည်း ကွမ်းခြံတွေထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာတွေ ရှိလို့ သတိနဲ့သွားလာရတယ်လို့ သိရပါတယ် ။
” ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြည်ပင်ရွာနားကို လက်နက်ကြီး ကျည်ရောက်ပေါက်ကွဲတာကြောင့် ကျောင်းသူတယောက် ထိမှန်သေဆုံးပါတယ် ၊အဲ့ဒီနောက် အခုထိ ကွမ်းရွက်ခူး မသွားရဲတော့ဘူး ” လို့ ဒေသခံတယောက်က ပြောပါတယ် ။
ဒါ့အပြင် ချောင်းဦး ၊ အရာတော် ၊ဘုတလင် စတဲ့ မြို့နယ်ဘက်က ကွမ်းခြံတွေမှာလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာတွေ ရှိတယ်လို့ သိရပါတယ်။
အရာတော်မြို့နယ်ရဲ့ အနောက်တောင်ပိုင်းက ကျေးလက်တွေမှာလည်း ကွမ်းစိုက်တောင်သူတွေ အများအပြားရှိပေမယ့် အခုရက်ပိုင်းမှာ ကွမ်းခူးမသွားရဲဘူးလို့ သိရပါတယ်။
မုံရွာ ၊ချောင်းဦး ၊ဆားလင်းကြီး ၊ယင်းမာပင် ၊ဘုတလင် စတဲ့မြို့နယ်ဘက်က ထွက်ရှိတဲ့ ကွမ်းရွက်တွေဟာ အ၀ယ်ဒိုင်ဖြတ်စျေး ကွမ်းတပိသာကို ေလးထောင် ဝန်းကျင်မှာရှိတယ်လို့ သိရပါတယ်။