ဇွန် ၇ – ၂၀၂၅
SN (VOM)
မြန်မာနိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်း မုတ်သုံလေအား ပြန်လည် ကောင်းလာနိုင်တဲ့အတွက် တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးကြီး၊ ရေလျှံမှုတွေ ထပ်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ မနေ့ ဇွန် ၆ ရက်၊ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်မှုနဲ့ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် ဇွန် ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
“အခုကတော့ မုတ်သုံလေ အားလျော့နေတယ်။ ပြီးရင်တော့ ပြန်ကောင်းဖို့တော့ ရှိပါတယ်။ ဒါကြောင့် လာမယ့်ရက်တွေမှာတော့ မိုးပြန်အားကောင်းပြီးတော့ ရေကြီး၊ ရေလျှံတာတွေလည်း ဖြစ်နိုင်တာပေါ့။ မုတ်သုံ အားကောင်းရင်တော့ မြစ်ဝကျွန်းပေါ် အပါအဝင် ကမ်းရိုးတန်းဘက်က ဒေသတွေ သတိပြုဖို့ လိုတယ်။ အလယ်ပိုင်း ဒေသတွေကတော့ မုန်တိုင်းတို့၊ လေဖိအားနည်းရပ်ဝန်းတို့၊ အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းတို့ မရှိရင် မုတ်သုံလေ အားကောင်းပေမယ့် မိုးနည်းမယ်။ ကျန်တဲ့ ဒေသတွေကတော့ မုတ်သုံ အားကောင်းရင် မိုးများနိုင်တယ်” လို့ ဦးလှထွန်းက ပြောပါတယ်။
ဇွန် ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်တဲ့ ဒေသတွေနဲ့ မိုးရွာသွန်းမှု အခြေအနေတွေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာတော့ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် အဆိုပါ ဒေသတွေရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးတွင် နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့ လိုအပ်သလို ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်းပျံသန်းရေး အနေနဲ့လည်း ကြိုတင်သတိပြုကြဖို့ မိုး/ဇလက သတိပေး နှိုးဆော်ထားပါတယ်။
“မြေပြိုတာကတော့ ကုန်းမြင့်ဒေသတွေမှာ ရှိနိုင်တာပေါ့။ မိုးများရင်လည်း များတဲ့ပမာဏပေါ်မှာ မူတည်တာပေါ့။ မိုး တရက်တည်းများလို့တော့ မရဘူးပေါ့။ သုံး၊ လေးရက်ဆက်တိုက် များလာတယ်ဆိုရင်တော့ မြေပြိုတာတွေတော့ ရှိနိုင်တယ်။ အဓိက ကတော့ တောင်ကုန်း၊ တောင်တန်းဒေသတွေပေါ့” လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။
ဒါအပြင် ပြည်သူတွေအနေနဲ့ လက်ရှိ မိုးလေဝသ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မိုး/ဇလက ထုတ်ပြန်တဲ့ သတင်းတွေပေါ်မှာပဲ ဂရုတစိုက် စောင့်ကြည့် သတိပြုစေလိုတယ်လို့ သူက ပြောပါတယ်။
“တခြားဌာနတွေက ထုတ်ပြန်တဲ့ သတင်းတွေက တာဝန်ယူမှု၊ တာဝန်ခံမှု ဘာမှမရှိဘူး။ ဒါကြောင့် ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး။ ဒါကြောင့် ပြောချင်တာကတော့ မိုး/ဇလက ထုတ်ပြန်တဲ့ သတင်းတွေကိုပဲ အလေးထားလိုက်နာ ဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ ဇွန် ၇ ရက်၊ ညနေပိုင်းအထိ ခန့်မှန်းချက်တွေအရ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာ ကွက်ကျား၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း) နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၆ ပေမှ ၈ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
Photo – CJ