ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ညောင်ဦး၊ ကံမနဲ့ ပွင့်ဖြူက ကျေးရွာ၊ ရပ်ကွက်တချို့ ရေကြီးနေ

ဇူလိုင် ၁၄ – ၂၀၂၅
SN (VOM)
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊ မကွေးတိုင်း ကံမနဲ့ ပွင့်ဖြူမြို့နယ်တို့က ကျေးရွာ၊ ရပ်ကွက်တချို့မှာ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ‌လူမှုကူညီရေး အသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ မနေ့ ဇူလိုင် ၁၃ ရက်၊ မနက် ၉ နာရီ၊ ၂၅ မိနစ်ဝန်းကျင်မှ စတင်ကာ ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် အမှတ် (၁) နယ်မြေအတွင်းရှိ သာယာဝတီရပ်ကွက်၊ အမှတ် (၇) နယ်မြေအတွင်းရှိ ဝပ်ကျင်းရပ်ကွက်၊ အမှတ် (၅) နယ်မြေအတွင်းရှိ သီလရင်စု၊ ရေဝင်၊ ချောင်းရိုး၊ ငါးမျက်နှာ၊ မင်္ဂလာသာစည်၊ ရေနံစု၊ မှန်ချို၊ ဒါးတန်း၊ မကျည်းတော စတဲ့ ရပ်ကွက်တွေထဲ ရေဝင်ရောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“နောက်နှစ်ရက်အတွင်း ဆိုရင်တော့ ရေက တော်တော်တက်လာမယ်ထင်တယ်။ မကျည်းတောဆိုရင် အောက်ထဲထိ ဆင်းရတာဆိုတော့ အခုဆိုရင် ရေက ခါးလောက်ထိ ရောက်လောက်ပြီ။ ရေဝင်နေတဲ့ ရပ်ကွက်တွေထဲက လောလောဆယ် သီလရင်စုက အိမ်ထောင်စု ငါးစုလောက်ပဲ အရေးပေါ် ရွှေ့ကြသေးတယ်။ ဒေသခံတွေကတော့ မနှစ်ကလောက် ရေမကြီးလောက်ဘူး ထင်နေကြတယ်။ ကျွန်တော်တို့ဘက် လိုက်လံအသိပေး နှိုးဆော်တာရှိပေမယ့် သိပ်ပြီး ဂရုမစိုက်ကြဘူး။ ဘာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်ထားတာ မမှားဘူး” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ ရေဘေး ကြိုတင် ပြင်ဆင်မှုအတွက် ညောင်ဦးမြို့နယ် မီးသတ်ဌာနနဲ့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေ ပူးပေါင်းပြီး ရပ်ကွက်တွေအတွင်း လိုက်လံ အသိပေး နှိုးဆော်မှုတွေ၊ ကူညီ ရွှေ့ပြောင်းပေးမှုတွေ ပြုလုပ်နေသလို အမှတ် (၁) နယ်မြေအတွင်းမှာလည်း ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားတယ်လို့ သူက ပြောပါတယ်။
အလားတူ မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်မှာလည်း မနေ့ ဇူလိုင် ၁၃ ရက်၊ မနက် ၁၁ နာရီဝန်းကျင်က ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နဲ့ ကမ်းနားလမ်းရှိ နေအိမ်တွေအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
ရေဝင်ရောက်မှု ဖြစ်ပွားရာနေရာတွေကို ကံမမြို့နယ် မီးသတ်စခန်းမှ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ သွားရောက်ပြီး အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာ ရွှေခရုတောက်ဘုရား တောင်ပေါ်၊ မေဃဝတီ ဘုန်းတော်ကြီးကျောင်းနဲ့ သုံးထပ် ဘုန်းတော်ကြီးကျောင်းတွေကို ကူညီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပွင့်ဖြူမြို့နယ်၊ နန်းတော်ကျွန်းအုပ်စု၊ နန်းတော်ကျွန်း ကျေးရွာက မြေနိမ့်ပိုင်း နေရာတွေမှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့မှ စတင်ကာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု ဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မြေနိမ့်တဲ့ အပိုင်းတွေတော့ ရေ၀င်လာပြီ။ ဒီနေ့ (ဇူလိုင် ၁၄ ရက်) မှာ ရေထပ်တက်လာတယ်။ အရင်ရေထက်တော့ ကျော်လာပြီ။ နောက်ရင်ဆို ကုန်းမြင့်တဲ့ နေရာက အိမ်၀ိုင်းတွေလည်း ရေရောက်လာနိုင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ဇူလိုင် ၁၄ ရက်၊ မနက် ၇ နာရီခွဲအချိန် ထုတ်ပြန်တဲ့ ရေကြီးခြင်း သတိပေးချက်မှာတော့ ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့အပြင် ပခုက္ကူ၊ ချောက်၊ ဆိပ်သာနဲ့ ဟင်္သာတမြို့တို့မှာလည်း အဲဒီ မြို့တွေရဲ့ စိုးရိမ်ရေမှတ် အသီးသီးကို ရောက်ရှိလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
မိုး/ဇလရဲ့ ဒီကနေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၂ လက်မခန့်မှာ ရောက်ရှိနေပြီး အဆိုပါမြစ်ရေဟာ နောက် ၁၂ နာရီအတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ပခုက္ကူမြို့မှာလည်း ဧရာဝတီမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေကျော်မှာ ရောက်ရှိနေပြီး နောက် သုံးရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ချောက်မြို့မှာလည်း ဧရာဝတီမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်မှာ ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။
အလားတူ ဆိပ်သာမြို့မှာလည်း ဧရာဝတီမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်မှာ ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။
ဟင်္သာတမြို့မှာလည်း ဧရာဝတီမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေကျော်မှာ ရောက်ရှိနေပြီး နောက်သုံးရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ ဟင်္သာတနဲ့ ဆိပ်သာမြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ကြိုတင် သတိပြုကြဖို့ လိုအပ်ပြီး မြစ်ရေ မြင့်တက်လာပါက အချိန်မီ ရှောင်ရှားနိုင်ကြဖို့ မိုး/ဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။
ဓာတ်ပုံ – ဒေသခံ/ လူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW