ဖားကန့် မှော်စီစာမှာ မြေပြိုလို့ ၁၀ ယောက်ထက်မနည်း သေဆုံး

ဇူလိုင် ၂၁ ၊ ၂၀၂၅
GG (VOM)
ဖားကန့် ၊မှော်စီစာ ၊တောင်ယာကုန်းက စိန်စိန် ဂျိတ်ပါဝါကြော လုပ်ကွက်မှာ မြေပြိုကျမှုဖြစ်ပွားပြီး လူ ၁၀ ယောက်ထက်မနည်း ရှိနေ တယ်လို့ ကနဦးသိရပါတယ်။
ဒီနေ့ မနက် ၉ နာရီလောက်မှာ ပေ ၂၀၀ လောက်အမြင့်ရှိတဲ့ ကမ်းပါးပြိုကျတာဖြစ်ပြီး ကမ်းပါးပြိုကျစဥ် အောက်မှာကျောက်တူးဖော်နေတဲ့သူတွေအပေါ် မြေစာတွေပိသွားသလို ကမ်းပေါ်ရှိ နေအိမ်အချို့လည်း မြေစာနဲ့အတူပြိုကျပြီး မြေစာတွေပိမိသွားတာဖြစ်တယ်လို့သိရပါတယ်။
” မြေပြိုတာ ဟုတ်တယ်။ပေ၂၀၀ လောက်ရှိတယ်။စိန်စိန်လုပ်ကွက်မှာ ကမ်းပါးယံခြေမှာကျင်းတူးကြတာ။ဒီဘက်ကမိုးကဆက်တိုက်ဖြစ်နေတော့ မြေပြောင်းလဲမှုဖြစ်ပြီး တူးနေတဲ့နေရာကို ဖုံးမိနေတာပေါ့။ကူညီပေးဖို့ဆက်သွယ်လာတာတော့ သုံးယောက်ပေါ့။ တယောက်ကတော့အပေါ်မှာဖုံးမိပေမယ့် သေဆုံးသွားတယ်။ကျန်တဲ့နှစ်ယောက်ကတော့ မရှာနိုင်သေးဘူး။ ဒါကျွန်တော်တို့ကိုဆက်သွယ်လာမှုအရပဲသိရတာ။နောက်ထပ်လည်းရှိနိုင်တယ်။” လို့ ဖားကန့်ဒေသ ခံကပြောပါတယ်။
ကျောက်တူးဖော်ရေးလုပ်ကွက်အတွင်း မြေပြိုကျမှုနဲ့ပတ်သက်ပြီး လက်ရှိမှာ ရှာဖွေရေးတွေမလုပ်နိုင်သေးတာကြောင့် မြေစာပုံ ပိသွားပြီး သေဆုံးသူနဲ့ပျောက်ဆုံးသူ အရေအတွက်ကို ကနဦးမှာ ၁၀ ယောက်အထိရှိကြောင်းသာသိရပြီး ထပ်တိုးရှိလာနိုင်တယ်လို့ သိရပါတယ်။
” လူတွေတော့သေကုန်တယ်။မြေစာပိကုန်တယ်။ ကယ်ဆယ်ရေးက ဘက်ဟိုးကားတွေနဲ့မှရမယ့်အခြေအနေပါ။လူသက်သက်နဲ့ကယ် မရပါဘူး။မြေစာကအများကြီးပဲ။ မြေပြိုသွားတဲ့အချိန်က သူ့ကျင်း ကိုယ့်ကျင်းစပြီး ဆင်းနေကျချိန်မှာ ဖြစ်သွားတာ။လူဘယ်လောက်ပိတယ်မသိဘူး။ကျွန်တော်တို့လည်း ပြေးလိုက်ရတာ။” လို့ မျက်မြင် ကျောက်ရှာဖွေရေးသမားတယောက်ကပြောပါတယ်။
လုပ်ကွက်အတွင်း မြေပြိုကျမှုမှာ ဆိုင်ကယ် သုံးစီးလည်း ပါသွားတယ်လို့သိရပါတယ်။
ဇွန် ၂၀ ရက်ကလည်း ဖားကန့်မြို့နယ်၊ မှော်ရှန်ကုန်းကျေးရွာက ကျောက်စိမ်းလုပ်ကွက်မှာ စွန့်ပစ်မြေစာ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေတဲ့ ညီအစ်ကိုနှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၃ ရက်ကလည်း ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာက ကျောက်စိမ်းတွင်းဟောင်းမှာ နွံပေါက်ကျမှုဖြစ်ပွားပြီး သေဆုံးသူ အယောက် ၃၀ ကျော် ရှိခဲ့တယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း မှော်စီစာကျေးရွာ၊ အောင်သာယာရပ်ကွက်ရှိ ဒေသအခေါ် တင်အောင်ကြိုင်လုပ်ကွက်မှာ မြေစာပုံ ပြိုကျခဲ့မှုကြောင့် မြေစာသွန်တဲ့ ကားနှစ်စီးနဲ့ ကျောက်ရှာဖွေသူ ၁၀ ယောက်ထက်မနည်း ရေကန်အတွင်း ပြုတ်ကျ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်က ကျောက်စိမ်းတူးတဲ့ လုပ်ကွက်ဟောင်းမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဒါအပြင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှာလည်း ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် နွံနစ်သေဆုံးခဲ့ပြီး အသေအပျောက် အများဆုံး ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ – အောင်ဇော်မိုးဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW