ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှု မော်စကိုရှိ လေဆိပ်တွေ ပိတ်ခဲ့ရပြီး ခရီးစဉ် ၁၄၀ ကျော်ဖျက်သိမ်း

မော်စကို၊ ဇူလိုင်-၂၁-၂၀၂၅
မျိုးဆက်(VOM)
ရုရှားကို ယူကရိန်းရဲ့ ဒရုန်းနဲ့အကြီးအကျယ် တိုက်ခိုက်မှုတွေကြောင့် မော်စကိုမြို့ရဲ့ အဓိကလေဆိပ်တွေကို ယာယီပိတ်ခဲ့ရပြီး လေယာဉ်ပျံသန်းမှု အနည်းဆုံး ၁၄၀ ကျော် ဖျက်သိမ်းခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စနေနေ့မနက်ကစပြီး ရုရှားနယ်မြေပေါ်မှာ ယူကရိန်းဒရုန်း ၂၃၀ ကျော်ကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး အဲဒီထဲမှာ မြို့တော်မော်စကို ကိုတိုက်ခိုက်တဲ့ ဒရုန်း ၂၇ စင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ရုရှားလေကြောင်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြို့တော်ကို ဝန်ဆောင်မှုပေးနေတဲ့ အဓိကလေဆိပ်ကြီး လေး ခု လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပြီး လေယာဉ်ပျံသန်းမှု ၁၃၀ ကျော်ကိုလည်း လမ်းကြောင်းပြောင်း ပျံသန်းစေခဲ့ရပါတယ်။ အခုအခါမှာတော့ အားလုံး ပုံမှန်ပြန်လည်လည်ပတ်နေပြီလို့ ဆိုပါတယ်။
တနင်္ဂနွေနေ့မှာ မော်စကိုလေဆိပ်တွေဟာ ဒီတိုက်ခိုက်မှုတွေကြောင့် ၂၄ နာရီအတွင်း ၁၀ ကြိမ် ပိတ်ခဲ့ရတယ်လို့ ရုရှားခရီးသွားလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့ပါတယ်။ မော်စကိုရဲ့အနောက်တောင်ဘက်က Kaluga ဒေသလည်း ထိခိုက်ခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မနက်ကစပြီး ဒရုန်း ၄၅ စင်းကို ပစ်ချနိုင်ခဲ့ပြီး Kaluga အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ယာယီပိတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ယူကရိန်းနယ်စပ်အနီးက Rostov နဲ့ Bryansk ဒေသတွေအပြင် ပင်လယ်နက်အပေါ်မှာလည်း ဒရုန်းတွေကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီူ အသက်ဆုံးရှုံးမှုတော့ မရှိဘူးလို့ ဆိုပါတယ်။
ယူကရိန်းဒရုန်းတိုက်ခိုက်မှုတွေကြောင့် ရုရှားမှာ ခရီးသွားလာရေး အခက်အခဲဖြစ်ရတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မေလတုန်းကလည်း ယူကရိန်းက ၂၄ နာရီအတွင်း ဒရုန်း ၅၀၀ ကျော် ပစ်လွှတ်ခဲ့မှုကြောင့် နိုင်ငံတဝန်းက လေဆိပ်တွေမှာ ခရီးသည် အနည်းဆုံး ၆၀၀၀၀ ကျော် ပိတ်မိနေခဲ့ဖူးပါတယ်။
Ref:BBC
Photo:Newsbreak

Related posts

Leave a Comment

VOM News

FREE
VIEW