ဇူလိုင် ၂၄ ၊ ၂၀၂၅
GG (VOM)
ရန်ကုန်မြစ်အတွင်းမှာ ဒီနေ့ဇူလိုင် ၂၄ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ခရီးသည်တင်ဆောင်လာတဲ့ သဗ္ဗာန်တစီးတိမ်းမှောက်ပြီး လူ သုံးယောက်ပျောက်ဆုံးနေတယ်လို့သိရပါတယ်။
ဒလမြို့နယ် ၊ သမ္မတကမ်းခြေ သမ္ဗန်ဆိပ်ကနေ ဗိုလ်တထောင်ဆိပ်ကမ်းကို မောင်းနှင်လာတဲ့ သဗ္ဗာန်ဖြစ်ပြီး ရန်ကုန်မြစ်လယ်အရောက်မှာ လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် သဗ္ဗာန်တိမ်းမှောက် ခဲ့တာဖြစ်တယ်လို့ ကနဦးသိရပါတယ်။
သဗ္ဗာန်ပေါ်မှာ မောင်းသူနဲ့ ခရီးသည် ၁၀ ယောက်လိုက်ပါလာတာဖြစ်ကြောင်း၊လက်ရှိပျောက်ဆုံးနေသူထဲ သဗ္ဗာန်မောင်းသူလည်းပါဝင်တယ်လို့သိရပါတယ်။
” ရန်ကုန်မြစ်လယ်အရောက်မှာ လေဆင်နှာမောင်းတိုက်တာနဲ့တိုးပြီး သဗ္ဗာန်မှောက်သွားတာလို့သိရတယ်။အခုက သဗ္ဗာန်မောင်းသူလည်းပျောက်နေတယ်။နောက်ထပ်ခရီးသည်နှစ်ယောက်လည်းရှာမတွေ့သေးဘူး။ ရှာဖွေမှုတွေလုပ်နေတုန်းပဲ။” လို့ လူမှုကူညီရေးအသင်း ဝင်တယောက်ကပြောပါတယ်။
ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေတဲ့ သဗ္ဗာန်အများစုမှာ အသက်ကယ်အကျီင်္ ဆောင်ထားမှုမရှိသလောက်အလွန်နည်းတာကြောင့် မတော်တဆ သဗ္ဗာန်တိမ်းမှောက်တဲ့အခါ လူသေဆုံးခြင်း၊ထိခိုက်ဒဏ်ရာရရှိခြင်း တွေ ဖြစ်ပွားနေရတာဖြစ်တယ်လို့သိရပါတယ်။
” သဗ္ဗာန်တော်တော်များများမှ အသက်ကယ်အကျီင်္ မရှိဘူး။မထားကြဘူး။ ဒီတော့ တခုခုဆို လူတွေထိခိုက်မှုက ဖြစ်တာပဲ။အရင်ဖြစ်စဥ်တွေမှာလည်း အဲလိုပဲ။သဗ္ဗာန်ဆိပ်တာဝန်ရှိသူတွေရောမီးသတ်ရောကတော့ အသက်ကယ်အကျီင်္တွေဆောင်ထားဖို့ သတိပေးကြပါတယ်။ဒါပေမယ့် တင်းတင်းကြပ်ကြပ်မရှိတော့ သဗ္ဗာန်သမားတွေကမလိုက်နာကြဘူး။အဲဒီဆိုးကျိုးက သဗ္ဗာန်မတော်တဆဖြစ်ရင် လူထိတာပဲ။ဖြစ်သွားမှာအရေးယူတာကနောက်တပိုင်းပါ။မဖြစ်ကြိုကာကွယ်ဖို့ပိုအရေးကြီးပါတယ်။” လို့ သူကထပ်မံပြောပါတယ်။
မတ်လ ၄ ရက်နေ့ကလည်း ရန်ကုန်မြစ်အတွင်း ကီလီဆိပ်ကမ်းအနီးမှာ ခရီးသည်တွေတင်ဆောင်လာတဲ့ သဗ္ဗာန်တစီးတိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရသူ ၁၁ ယောက်အထိရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့တုန်းကလည်း ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြစ်ထဲမှာ သဗ္ဗာန်တစီးတိမ်းမှောက်ပြီး ကျောင်းသားအပါအဝင် ခရီးသည်အချို့သေဆုံးမှုရှိခဲ့ပါတယ်။
ဓာတ်ပုံ – CJ