ရတနာနဒီမှသည် ရေနီမြောင်းသို့ (သို့မဟုတ်)ချောင်းတောင်ဘက်ကလူ (၂)

ဆူးငှက်
မန္တလေးသားအများစုကတော့ ထိုလမ်းမကြီးကို နန်းရှေ့လမ်းမကြီး ဟုပဲ ခေါ်ဝေါ်ကြသည်။ မြို့ပြမှတ်တမ်းအရတော့ ထိုလမ်းမသည် “၁၉” လမ်းပဲဖြစ်ပါသည်။ မည်သို့ဆိုစေ နန်းရှေ့လမ်းမကြီးဟုဆိုလျှင် အားလုံးက သိပါပြီ။
ဦးထိပ်တံတားကြီးက အရှေ့ဆီအထွက် တိုက်တော် ဘုန်းကြီးကျောင်းဝင်းကြီးကတော့ ရှင်ဘုရင်၊ မိဖုရား၊ မှူးမတ်များကောင်းမှ ကျောင်းတိုက်ကြီးများစွာအနက် ရွှေမြို့တော်ကြီးခေတ်ကတည်းက တည်ရှိခဲ့ သည့် ကျောင်းတိုက်ကြီးတစ်တိုက်မို့ ရှေးအုတ်ကြီးများဖြင့် ဆောက်လုပ်ထားသော တံတိုင်းအိုကြီးက တိုက်တော်၏ သက်တမ်းကို လှစ်ပြနေသည်။ တိုက်တော်၏ အမည်အပြည့်အစုံမှာ “မဟာ ဝိသုတာရာမတိုက် မဟာတု လွှတ်ဘုံစံကျောင်း” ဖြစ်၏။ မဟာဝိသုတာရာမတိုက်တော်ကား မင်းတုန်းမင်းကြီး ကောင်းမှုတော်ဖြစ်၍ ကျောင်းရံ ၂ဝ ကျော်နှင့် ကြီးကျယ်ခမ်းနားလှသော ကျောင်းတိုက်ကြီးဖြစ်သည်။ သံဃာ့ဦးကိုင် သာသနာပိုင် ဆရာတော် ဦးဉေယျ သီတင်းသုံးခဲ့ရာ တိုက်တော်ဖြစ်၏။
တိုက်တော်၏တောင်ဘက် နန်းရှေ့လမ်းမကြီးပေါ်တွင် ယခင်က ပြည်သူ့ရဲ ကြိုးမဲ့ကြေးနန်းစခန်း ရှိခဲ့ပါ၏။ အခုတော့ မူးယစ် ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့စခန်း ဖြစ်သည်။ ဦးထိပ်တံတားမှအထွက် နန်းရှေ့လမ်းမကြီး၏ ညာဘက်ခြမ်းတွင် ယခုအခါ အရိပ်ကောင်း သော သစ်ပင်ကြီးများအောက်၌ စားသောက်ဆိုင်များဖြင့် တန်းစီ စည်ကားနေပါ၏။
တိုက်တော်၏ အရှေ့ဘက်တွင် နန်းရှေ့မီးသတ်စခန်းရှိသည်။ မီးသတ်စခန်း၏ အရှေ့ဘက်မှာက နန်းရှေ့ဈေးကြီးရှိသည်။ မန္တ လေး ရတနာပုံမြို့သစ် တည်ထားပြီးနောက် နန်းမြို့တော်၊ ရွှေမြို့တော် လေးပြင်လေးရပ်တို့၌ အိမ်ခြေများရှိလာသည်နှင့် တစ်ပြိုင်နက် ဈေးများလည်းရှိလာပါသည်။ ရှေးမှတ်တမ်းများအရ မန္တလေးမြို့ပေါ် ဈေးများအပြင် ပတ်ဝန်းကျင်ဈေးများဖြင့် ဈေးပေါင်း(၃၀)ခန့် ရှိသည်ဟုဆို၏။ တချို့က နံနက်ခင်းဈေး၊ တချို့က ညနေဈေး၊ တချို့က တစ်နေကုန်ဈေးများ ဖြစ်ကြသည်။ တချို့ဈေးသည်များက နံနက်ခင်းဈေးမှ ညနေခင်းဈေးသို့ ကူးလူး ရောင်းချကြ၏။ ၁၈၆၆ ခုနှစ် မတိုင်မီ မန္တလေးမြို့တော် ပုရပိုဒ်မြေပုံ၌ (၁) ဈေးချို၊ (၂) ယိုဒယားဈေး၊ (၃) မလွန်ဈေး၊ (၄)ညွန့်ပေါင်းဈေး၊ (၅) ရဟိုင်းဈေး၊ (၆) ညောင်ပင်ဈေး စသည့်နေရာများ မှတ်သားထားသည် ဆို၏။ သာယာဝတီဗျိုင်းကလေးခေါ် မောင်မောင်ဘ၏ “မင်းတုန်းမင်း တရားကြီး၏ ဥပနိသျှ” လက်ရေးစာမှလည်း ရှေးခေတ်ဈေးအမည်များကို မှတ်သားလေ့လာနိုင်ကြသည်။
ရှေးခေတ်မှတ်တမ်းများအရ မှတ်သားထားသော ဈေးများနာမည်တွင် နန်းတော်ရှေ့ ဈေးကလေးဟူသောအမည်လည်း ပါရှိ သည်။ နန်းတော် ရှေ့မြောက်ဘက်ရှိ ဈေးဟုဆို၏။ သို့သော် ယခု မရှိတော့ပြီ။
လက်ရှိ နန်းရှေ့ဈေးသစ်ကြီးမှာ ၁၉၉၆ခု၊ မေလက တည်ဆောက် ခဲ့ပြီး ၁၉၉၇ ခု၊ ဧပြီလတွင် ဖွင့်လှစ်ခဲ့သည်။ အလျား ၂၄၇ ပေ၊ အနံ ၁၄ဝ ပေရှိသော အာစီသုံးထပ်ဈေးကြီးဖြစ်ပြီး ၂၅၂၈ဝ စတုရန်းပေရှိကာ ဆိုင်ခန်းစုစုပေါင်း ၃၈၄ ခန်းရှိပါသည်။ ယခင်ဈေးဟောင်း ကတည်းက စည်ကားခဲ့သော တစ်နေကုန်ဈေးကြီး ဖြစ်ပါသည်။ ဈေးဟောင်းရှိစဉ်က ဈေးအတွင်းရှိ ဦးဘကျော့ လက်ဖက်ရည်ဆိုင်မှာ ထင်ရှားခဲ့သည်။ ယခု ဈေးသစ်ကြီး ပြီးစီးသွားသောအခါ မြေညီထပ်၌ ကုန်မာဆိုင်များ၊ကုန်ခြောက်ဆိုင်များ၊ အလှကုန်ဆိုင်များ၊ ရွှေထည် ငွေထည်ဆိုင်များ စတိုးဆိုင်များ ဖွင့်လှစ်ထားရှိပြီး ပထမထပ်တွင် သားငါးနှင့် ကုန်စိမ်းသီးနှံများ၊ စားသောက်ကုန်များ တည်ခင်း ရောင်းချကြပါသည်။
*** *** ***
နန်းတော်ရှေ့တွင် မင်္ဂလာဥယျာဉ်တော် ရှိခဲ့ဖူးပါ၏။ မန္တလေး နေပြည်တော်တွင် ဥယျာဉ်တော် ၂၁ ရပ်အကြောင်းဘွဲ့၊ ရှေးဟောင်း ပတ်ပျိုး သီချင်းခံကြီးကို မင်းကြီးမဟာဇေယျသူဘွဲ့ခံ ပညာရှိအမတ်ကြီး ညောင်လှမြို့စား နိုင်ငံခြားဝန်ထောက် မင်းဦးချိန်သည် အမှာတော်ရေး ရာထူးနှင့် အမှုထမ်းစဉ်က မင်းတုန်းမင်းထံ ဆက်သွင်းရာ ရွှေထီး သနားတော်မြတ် ခံရပါသည်။
“စံရာရွှေနန်း၊ မြမန်းဌာနေ၊ ပျော်မွေ့ ဖွယ်ပီပီ” အစချီ ဥယျာဉ်တော် ၂၁ ရပ်အကြောင်းကို ဖွဲ့ဆိုထားသော ပတ်ပျိုးသီချင်းခံကြီး ဖြစ်သည်။ ယင်းပတ်ပျိုးသီချင်းခံကြီးအရ မန္တလေးမြို့ အရှေ့ဘက်တွင် (၁) မဟာ ဟေမာဇလဥယျာဉ်တော်၊ (၂) မဟာအာသောက ဥယျာဉ်တော်၊ (၃) ကဉ္စန ကေသီဥယျာဉ်တော်၊ (၄) သီရိသုမနဥယျာဉ်တော်၊ (၅) မဟာသီရိဘုဉ္ဇန ဥယျာဉ်တော်၊ (၆) မဟာသီရိမလ္လိက ဥယျာဉ်တော်၊ (၇) မဟာသိဒ္ဓိဗလ ဥယျာဉ်တော်၊ (၈) မဟာဇေယဗလဥယျာဉ်တော်၊ (၉) မဟာသီရိမန္ဒာဝ ဥယျာဉ်တော်၊ (၁၀) မင်္ဂလာ ဥယျာဉ်တော်၊ (၁၁) မဟာသီရိ ဟေမဝန် ဥယျာဉ်တော်၊ (၁၂) သီရိမနော် ပထမဥယျာဉ်တော်၊ (၁၃) မဟာပဒုမ ဥယျာဉ်တော်၊ (၁၄) မဟာ မေဃနာဥယျာဉ်တော်၊ (၁၅) သီရိမဟာသာရ ဥယျာဉ်တော်၊ (၁၆) မဟာမုဒ္ဓိကဥယျာဉ်တော်၊ (၁၇) မဟာဒေဝတာ ဥယျာဉ်တော်၊ (၁၈) မဟာသီတလဥယျာဉ်တော်၊ (၁၉) မဟာဂီရိစိတြ ဥယျာဉ်တော်၊ (၂ဝ) သီရိမနော်ရမံဥယျာဉ်တော်၊ (၂၁) မဟာဂီရိနန္ဒဝန် ဥယျာဉ်တော် ဟူ၍ ဖြစ်ပါသည်။
မြို့သစ် နန်းသစ်တည်သည်နှင့် ဥယျာဉ်တော် ၂၁ ရပ်ကို လုပ်ဆောင်ကြရာ ဥယျာဉ်များတွင် သစ်ပင်များ ရုတ်တရက် မကြီးထွားနိုင်၍ သစ်ပင်ကြီးများကို ရွှေ့ပြောင်းယူကာ ဥယျာဉ်အဖြစ် မွမ်းမံသည့်အထောက်အထားများလည်း ရှိခဲ့ပါ၏။
နန်းတော်ရှေ့ရှိ မင်္ဂလာဥယျာဉ်တော်မှာ မြောက်ထားဝယ်၊ တောင်ထားဝယ်၊ တောင်မြောက်တာ ၂၀၀၊ အရှေ့အနောက်တာ ၁၅၀ ရှိပါသည်။ ၁၈၆၂ ခုနှစ် (၁၂၄၄) ခုနှစ်က မင်းတုန်းမင်းနှင့် မိဖုရားတို့သည် ရှေ့ ခြောက်တပ်၊ နောက်ခြောက်တပ် တပ်မဟာခင်းကျင်းလျက် မင်္ဂလာဥယျာဉ်တော်သို့ ထွက်တော်မူခဲ့၏။ ၁၈၆၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်၊ (၁၂၂၈ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၃ ရက်နေ့) မင်္ဂလာဥယျာဉ် စံနန်းတော်၌ မင်းတရားကြီး စံတော်မူကာ ၂၅ ရက်နေ့နံနက်တွင် လယ်ထွန်မင်္ဂလာ ဆင်းတော်မူသည်။ ဥယျာဉ်တော် ၂၁ ရပ်အတွင်း မို့မို့မောက်မောက် တောင်ပူစာမြေပုံ ၉ ခု ရှိသည်။ မင်္ဂလာဥယျာဉ်အတွင်းမှ မြေမို့မို့ကို “တောင်တော်ကလေး” ဟုခေါ်သည်။ ဘုရင့် သားတော် သမီးတော်များ ကစားရာနေရာဖြစ်သည်ဟု ဆို၏။ ယင်းတောင်၏ တောင်ဘက်တွင် တောင်ပူစာနှစ်လုံးရှိ၍ ယာကွက်ကို သပြေပင်ကွက်ဟုခေါ်၏။
မင်္ဂလာဥယျာဉ် ရတနာနဒီရှေ့၌ မုန်တိုင်ဇရပ်ကြီးရှိသည်။ ထိုဇရပ် ကြီးအနီး၌ ဆင်ချည်အုတ်တိုင်ကြီး ရှိခဲ့ဖူးပါသည်။
မင်းတုန်းမင်းတရားကြီးလက်ထက်တွင် မန္တလေး လေးပြင် လေးရပ်၌ သာလာယံဇရပ်ကြီးများ (၈) ဆောင် ဆောက်လုပ်ခဲ့သည်။ နန်းတော်ရှေ့ရှိ မုန်တိုင်ဇရပ်ကြီးမှာ ထိုသာလာယံ ဇရပ်ကြီး (၈) ဆောင် အနက် တစ်ဆောင်အပါအဝင် ဖြစ်၏။ ထိုအုတ်ဇရပ်ကြီးများကို အရှေ့အရပ်၌ (၃)ဆောင်၊ တောင်အရပ်၌ (၄) ဆောင်၊ မြောက်အရပ်၌ (၁) ဆောင် ဆောက်လုပ်ခဲ့သည်။ ထိုဇရပ်ကြီးများ၌ လာရောက် နားခိုကြမည့် ရဟန်းရှင်လူ ပရိသတ်အတွက် လက်ဖက်၊ ကွမ်း၊ ဆေးကအစ ချက်ပြုတ် စားသောက်ရန်အတွက် အိုးခွက်ပန်းကန်များ၊ ဂီလာနပုဂ္ဂိုလ်များအတွက် သမားတော်၊ အနှိပ်တော်များအထိ ကုသိုလ်ဖြစ်ထားရှိပေသည်ဟု ဆို၏။
ဇရပ်ကြီးများ၏ အမျိုးသမီးများ အတွက် အသုံးအဆောင်ပစ္စည်းများလည်း ထားရှိပေးခဲ့သည်။ ယုတ်စွအဆုံး ကိုယ်ဝန်ဆောင်မိန်းမများအတွက် မီးနေခန်းဝင်ပစ္စည်းများပင် ထားရှိခဲ့သည်။
ဤသို့သော မင်းတုန်းမင်းလက်ထက်မှ ဇရပ်ကြီးများ ယခုအခါ မရှိတော့ပါ။ မြောက်ပိုင်းအိုးဘို ပတ္တမြားရပ်ကွက်၌သာ ဇရပ်ကြီး တစ်ဆောင်ကျန်ရှိသေးကြောင်း လွန်ခဲ့သောနှစ်များဆီက ကြားသိခဲ့ရသေးသည်။ နန်းတော်ရှေ့မှ ရှေးဟောင်း မုန်တိုင်ဇရပ်ကြီးနေရာတွင် လွန်ခဲ့သော (၃) နှစ်ခန့်က အုတ်အင်္ဂတေပစ္စည်းများဖြင့် အောင်ရတနာဓမ္မဗိမာန်ကြီး အစားထိုးလှူဒါန်း တည်ဆောက်ထားရှိခဲ့ပါသည်။ ယခုအထိတော့ ပုသိမ်ကြီး- ရန်ကင်းတောင်သွား ဘတ်စ်ကားများက နန်းရှေ့ရောက်လျှင်ဖြင့် “မုန်တိုင်ဇရပ်” မှတ်တိုင်ပါသေးဟု မေးနေ ဆဲပင် ဖြစ်ပါ၏။
မင်္ဂလာဥယျာဉ်ထိပ် မုန်တိုင်ဇရပ်ကြီး၏ အနောက်နားမှာ ရတနာ နဒီတူးမြောင်းရှိပါသည်။ ရတနာနဒီကို အေဒီ ၁၂၂၄ ခု၊ တပေါင်းလတွင် မင်းတုန်းမင်းလက်ထက် ရှေ့ဝင်းမှူး သူရဲဝန်မင်းကြီး မဟာသမိန်ဘေ ဗြတ်စ ကြီးမှူး၍ မဟာနန္ဒာကန် ငစဥ့်ကူးအရပ်မှ မြို့တော်အထိ ဖောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ ရှေးက ရေစီးရေလာကောင်းခဲ့၍ ရတနာနဒီ သမုတ်ခဲ့ခြင်းဖြစ်သည်။ ယခု မဟာနဒီမြောင်းဟု ခေါ်ဆိုနေကြ၏။
ရွှေမြို့တော်ကြီး ဘုန်းမီးနေလတောက်ပစဉ်အခါက ရေတသွင်သွင် စီးဆင်းကာ လှပတင့်တယ်လှသည့် ရတနာနဒီအရှေ့ဆီမှ စီးကာထားသည့် ရွှေမြို့တော်ကြီးအတွင်းမှ မြေနန်းပြာသာဒ်တော်ကြီးကို နန်းတွင်းစာဆိုတော် ကြီး ဦးပုညက “ရတနာနဒီမော်ကွန်း” တွင် အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့ပါသည်။
“မင်္ဂလာလျှင်၊ အင်္ဂါမချို့၊ ရွှန်းရွှန်းပျို့သား၊ မြို့၏ ချက်ဗွေ၊ လယ်မ၌၊ သုမေဓာမြတ်၊ ညပျော်နတ်ကို၊ လက်တက်မှုကုန်၊ ရေဘုန်းသခင်၊ နတ်ရှင်နင်းဆောက်၊ ဆုကြီးမြောက်သား၊မြေ ပေါက်ရတနာ၊ နန်းသိင်္ဂါလျှင်၊ ယူဇနာမြင့်ဖျား၊ နှစ်ဆယ့်ငါးတည့်၊ ဘုန်းအား ဖန်ဆင်း၊ ချက်ချင်းထွန်းသို့၊ မြေနန်းလွှတ်စံ၊ ပြာသာဒ်ပျံလည်း၊ တိမ်ယံသီဝေ၊ အထွေထွေလျှင်၊ ရွှေတခဲတည်း၊ စက်စက်ရည်းမျှ၊ မြလည်းဣန္ဒနီ၊ ဝဇီရောင်ရှိန်၊ စိန်လည်းပြိုးပြက်၊ မိုးချက်ပျံဝဲ၊ ပုလဲခြည်လျှပ်၊ အထပ်အထပ်၊ ချပ်ကာ ချပ်ကာ၊ ဆယ်မျိုးဖြာသည်၊ ရတနာမွန်နစ်၊ သင့်ရာ သစ်လျက်၊ မြေဖြစ် ရေဖြစ်၊ နတ်ဖြစ်လူ့ ဘုံ၊ မျက်မြတ်ဘုံကို၊ ဥဿုံဤတွင်၊ သိကြားယင်ရှင့်၊ ကောင်းကင်ဗိမာန်၊ ဝေဇယန် ကား၊ ဧကန်မုချ၊ ကြမ္မာမျှတည့်၊ ဘဝသခင်၊ ရှင်ပင်စောထီး၊ ရွှေနန်းကြီးကား၊ အတီးရှေးကျူး၊ ကုသိုလ်ထူးတွင်၊ နတ်မှူး ဗြဟ္မာ၊ ကိုယ်တိုင်လာ၍၊ မေတ္တာထပ်ပွား၊ ဖန်သောအားဖြင့်၊ သိကြားနေတန်၊ ဝေဇယန်ထက်၊ အပြန်ရာထောင်၊ လွန်ကဲသာ သည်၊ သမ္ဘာစုံဖြည့် ရင်းနှီးတည်း”
ဟူလို…။
(ဆက်ရန်)

Related posts

Leave a Comment

VOM News

FREE
VIEW