ကျောက်ဖြူမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း AA ပြော

VOM
သြဂုတ် -၁၁ -၂၀၂၅
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းမှာ တပ်မတော်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ AA တပ်ဖွဲ့က ဒီနေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကျောက်ဖြူမြို့ ရဲတပ်ရင်း ၃၂ အနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်တယ်လို့ AA ပြော ခွင့်ရ ခိုင်သုခက ဒီနေ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောပါတယ်။
“ကျောက်ဖြူရဲ တပ်ရင်း ၃၂ နားမှာ ကျွန်တော်တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်တွေမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် ပေါက်တော နဲ့ ပုဏ္ဏားကျွန် ဘက်မှာလည်း ရန်သူဘက်က လက်နက်ကြီးတွေ နဲ့ ဆက်လက်ပစ်ခတ်နေတာရှိပါတယ်”
ကျောက်ဖြူ မြို့ ရဲတပ်ရင်း အနီးမှာရှိတဲ့ တပ်မတော် ရဲ့ ကာကင်းစခန်းတွေကို အခု နှစ်မေလ ကုန်ပိုင်းမှာ AA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး ရဲတပ်ရင် ကို ဆက်လက် ထိုးစစ် ဆင်နေတာ သုံလနီးပါးရှိနေပြီဖြစ်ပါတယ်။
တပ်မတော်ဘက်ကလည်း တပ်ရင်းတပ်စခန်းတွေ လက်မလွတ်ရ ရေးအတွက် အပြင်း အထန်ခုခံနေပါတယ်။
တရုတ်ဖိအားကြောင့် တရုတ်ရင်းနှီးမြုပ်နှံမှုတွေ ရှိတဲ့ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲ တန့်နေ တာလားဆိုတဲ့ မီဒီယာတွေရဲ့ မေးမြန်းမှုကိုတော့ စစ်ရေးနိုင်ငံရေးအခြေ အနေဖြစ်တာ ကြောင့် အသေးစိတ် မပြောလို ကြောင်း AA ပြောခွင့်ရသူက သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နအလ အစိုးရက ပြုလုပ်မယ့် ရွေးကောက်ပွဲတွေ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့လည်း AA ဘက်ကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတဲ့ ၂၀၂၃ နိုဝင်ဘာလကနေ ၂၀၂၅ ဩဂုတ် လ အထိ တိုက်ပွဲအတွင်း ချင်းပြည်နယ် ပလက်ဝ မြို့နဲ့ ရခိုင်ပြည်နယ်အတွင်းက ဘူးသီး တောင်၊ ရသေ့တောင်၊ ကျောက်တော် အပါအဝင် မြို့ပေါင်း၁၄ မြို့ကို AA တပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။
နှစ်နှစ် နီးပါးကြာလာတဲ့ တိုက်ပွဲတွေ အတွင်းမှာ အရပ်သား ၉၂၆ ယောက် သေဆုံးခဲ့ပြီး နှစ်ထောင်နီးပါး ဒဏ်ရာရခဲ့တယ်လို့ AA တပ်ဖွဲ့ ပြောခွင့်ရသူ ခိုင်သုခက သတင်းစာ ရှင်း လင်းပွဲ မှာပြောပါတယ်။

Related posts

VOM News

FREE
VIEW