ဩဂုတ် ၁၁ ၊ ၂၀၂၅
GG (VOM)
ရန်ကုန် ၊ လသာမြို့နယ်၊ ၈ ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းပေါ် Yangon Thanlwin Hotel ပထမထပ်ရှိ New Party KTVမှာ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့တော့ လူနာမကောက်ရဘူး။ ဒါပေမယ့်ကျွန်တော်သိရသလောက်တော့ ဘယ်ဘက် နားထင်မှာပဲ သေနတ်ဒဏ်ရာတွေ့ တယ်။ သေနတ်နဲ့ နားထင်ကိုကပ်ပစ်တဲ့ပုံစံမျိုးပေါ့။နေရာမှာပဲပွဲချင်းပြီးတယ်။ ဘယ်သူ ဘယ်ဝါဆိုတာက ယာဥ်မောင်း လိုင်စင်ကဒ်ပြားအရ နာမည်ကိုသိရတဲ့အခြေအနေ ပါ။လူနာကိုတော့ ဆေးရုံကိုပို့ထားတယ်။” လို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသခံတယောက်ကပြောပါတယ်။
မနေ့က ဩဂုတ် ၁၀ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်နဲ့ပစ်သတ်ခံရသူက အသက်၅၀ နှစ်အရွယ်ရှိ ဦးအိုက်မြင့် (ခ) ဟော်ချွမ်းမြန်ဆိုသူဖြစ်ပြီး သေနတ်တလက်နဲ့ ကျည်ဆံငါးတောင့်ပါကျည်အိမ်တခု ၊ ကျည်ခွံတခုကိုပါတွေ့ရှိရတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ KTV ကို ပိတ်ထားကြောင်း New Party KTV ဘက်မှ သိရပါတယ်။
” အခုကပိတ်ထားပါတယ်။ ဖြစ်တဲ့နေ့ပြီးတာနဲ့ပိတ်ထားတာပါ။အမလဲ ခရီးကနေခုမှပြန်ရောက်ပြီး ခုမှရုံးသွားနေတော့ ဖြစ်စဥ်တော့သေချာမသိသေးဘူး။” လို့ New Party KTV ဘက်မှ တာဝန်ရှိသူ တယောက်ကပြောပါတယ်။
KTV မှာ ပစ်ခတ်မှုဖြစ်စဥ်အပြီးမှာ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်သွားတယ်လို့သိရပါတယ်။
