တလောက စာရေးဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)နှင့်တွေ့တော့ သူ ငယ်စဉ်က ဆွေတော်မျိုးတော်ကြီးများနှင့် ရင်းနှီးနီးကပ်ခဲ့ ဖူးကြောင်း၊ ထီးသုံးနန်းသုံးစကားများပင် ငယ်စဉ်က သွက်လက်စွာ ပြောဆိုနိုင်ကြောင်း ပြောပြသည်။ သို့သော် ငယ်ရွယ်သူဖြစ်သည့် အလျောက် ထီးနှင့်နန်းနှင့် ရာဇဝင်နှင့် သမိုင်းနှင့် စသည်များကို မေးမြန်းမထားလိုက်ရသည်ကို များစွာ နှမြောမိပါကြောင်းလည်း ပြောပြပါ သည်။
ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) က မန္တလေးတွင် နောက်ဆုံး ချဆောင်သွားသော ပျဉ်းမနားကိုယ်တော်ကြီး၏ မသာတော် အကြောင်းကိုလည်း ပြောပြသည်။ မင်းခမ်းမင်းနား အစုံအလင်နှင့် မြို့လုံးကျွတ် ထွက်ကြည့်ရသော မသာတော်ဖြစ်သည်ဟု ဆို၏။
ထိုမသာတော်တွင် ရှေးက ဒုမင်္ဂလများ၌ တီးမှုတ်သော ဗျိုင်းတောင်စည်ကိုလည်း အပြည့်အစုံ အစအဆုံး တီးမှုတ်ခဲ့ပါသည်။ ယခုခေတ်၌မူ မြေလတ်ပိုင်းရှိ အချို့အရပ်ဒေသများ၌သာ ဒုမင်္ဂလတီးဝိုင်းတွင် ကျန်ကောင်းကျန်ပါလိမ့်မည်။ သို့သော် အများစုကြီးမှာမူ “ဗျိုင်းတောင်” ဆိုတာ ကြားဖူးကြတော့မှာမဟုတ်။ အကယ်၍ အနည်းငယ် မြည်းစမ်း ကြည့်လိုလျှင်မူ ရွှေမန်းတင်မောင်၏ ဖွားတော်မူခန်း တိတ်ခွေအဆုံးသတ်၌ မယ်တော်မာယာအလောင်းကို ပန်းရထားဖြင့် လုသောအခန်း၌ ဗျိုင်းတောင်၏ အစိတ်အပိုင်းတစ်ခုအား ရွှေမန်း တင်မောင်၏အသံဖြင့် နားထောင်ကြည့်နိုင်ပါသည်။
မန္တလေးမှာက ဒီအဖွဲ့တွေကို “ဗျိုင်းတောင်” အဖွဲ့လို့လည်း ခေါ်ခဲ့ကြသည်။ “စည်” အဖွဲ့လို့လည်း ခေါ်ကြသည်။ စည်အဖွဲ့ကို မန္တလေးမှာ စစ်ကြီးမဖြစ်ခင်က တွင်တွင်ကျယ်ကျယ် ရှိခဲ့ဖူးတာ မှတ်မိပါတယ်ဟု လူကြီးတွေက ပြောပြပါ၏။ ကျွန်တော်ကိုယ်တိုင်က မန္တလေးမှာ ဒီ “စည်” အဖွဲ့တွေကို မမီလိုက်တော့ပါ။ မိဘ ဇာတိရွာကလေးမှာသာ ငယ်ငယ်က တစ်ခြမ်း စည်အဖွဲ့အဖြစ် မသာအချမှာ တီးခတ်တာ ကြုံဖူးရုံ ကလေးပဲ ဖြစ်ပါသည်။
“ဗျိုင်းတောင်” အဖွဲ့က မသာချတော့မယ်ဆိုရင် ငိုချင်းရှည်ကြီး တစ်ပုဒ် ကောက်ဆိုသတဲ့။ မြဝတီမင်းကြီးရဲ့ သိင်္ဂါသံ ဖြစ်သည်။
“မယ်တို့နေ တိမ်ခြေတောင်တန်း၊ လျှပ်ခြည်တန်း၊
ပတ်သန်းညိုရိပ် မှိုင်းချိပ်ချိပ်ကယ်နှင့်
ရွှေလိပ်ကယ်မကရ်း၊ လျှပ်ပန်းဆင်တိုင်း
ရွှေသိုင်းကဆော်
မိုးစည်တော်တဲ့မှ၊ မိုးစည်တော်” အစချီပါသည်။ သုသာန်ဝင်ကာနီးတော့ မျောက်မင်းအူသံကို ဆိုကြ တီးကြ၏။ “အိုပင် အိုကံ ဆိုးပင်သာ ဆိုးလှလေ” ကို ဆိုကြသလို “ရှင်သေမင်း လူချင်းရယ် မဟုတ်ပါလေ။ ဗိုလ်ပါဆင်မြင်းနှင့် စစ်ခင်းလို့ မတိုက်ရလေ။ ဗိုလ်ပါ ဆင်မြင်းနှင့် စစ်ခင်းလို့ မတိုက်ရလေ” ကိုလည်း ဆိုကြသည်။
မန္တလေးမှာ စည်အဖွဲ့တွေ ရှိနေကြစဉ်က “နားပန်းဆံစည်” က နာမည်ကြီးသည်။ ဦးနားပန်းဆံခေါ် ဦးရွက်က အသံဝါကြီးဖြင့် အဆိုကောင်းလှသည်ဟု ဆို၏။ နားပန်းဆံစည် နာမည်ကျော်လာတော့ “ရွှေခြေချင်း စည်” ဟူသော စည်တစ်ဖွဲ့ ပေါ်လာပြန်သည်။ ရွှေခြေချင်းက ဦးနားပန်းဆံ၏ ညီဝမ်းကွဲ ဦးထွန်းဟု မှတ်သားရသည်။ ရွှေခြေချင်းက သံလုံးကြီး၍ နားပန်းဆံအသံကို မမီ။ သို့သော် အတီးကောင်းသည်ဟုနာမည်ရသည်။ ထိုနှစ်ဖွဲ့ အပြိုင်အဆိုင်ဖြစ်လာပြန်တော့ ရွှေခြေချင်းတူ ဦးဘသိန်းက “ဘဧစည်” ဟု စည်တစ်ဖွဲ့ ဖွဲ့သည်ဆို၏။
စည်အဖွဲ့တွေက ထုံးစံအတိုင်း သိင်္ဂါသံတို့၊ မျောက်မင်းအူသံတို့ တီးမှုတ်ကြရမှာပေသည့် နောက်ပိုင်းမှာ ခေတ်ပေါ်သီချင်းတွေ၊ အငြိမ့်သီချင်းတွေအထိ ဆိုတီးလာကြ၏။ အတီးသမားများကလည်း အမြင်ရှိ၊ အတီးသမားကောင်းများဖြစ်သောအခါ ထိုအချိန်က လျှမ်းလျှမ်းတောက် နာမည်ကျော် စိန်ဗေဒါကြီးက ကောင်းနိုးရာရာ သံဆန်း တီးလုံးဆန်းများတွင်ပြီး တီးလုံးတိုက်ကာရှိသေး စည်အဖွဲ့က ထိုတီးလုံးကို ညတွင်းချင်း အသံခွဲကာ မနက်မသာ၌ ကြိုတီးပြလိုက်ကြသေးသဖြင့် ပွဲကျခဲ့ကြရသည်ဟု ကြားဖူးပါ သည်။
တကယ်တော့ စည်ဟုခေါ်သော ဗျိုင်းတောင်တီးက မန္တလေးတွင် ကိုယ့်အရှင် ကိုယ့်သခင် နန်းစိုက်စဉ်က မသာတော်၌ တီးခတ်ရသည့် ဗျိုင်းတောင်အဖွဲ့ ဖြစ်ပါသည်။ ဗျိုင်းတောင်မှာ ဗုံသာပင်ဖြစ်၏။ ဗုံသာထက် အနည်းငယ်သာ ရှည်မည်။ ဗျိုင်းတောင်စည်ကို မသာမှာ တီးသည့် အတွက် လူနေအိမ်များတွင် မထားကြဘဲ ဇရပ်မှာသာ ထားကြသည်ဆို၏။
ပျဉ်းမနားကိုယ်တော်ကြီး၏ မသာတော်တွင် ဗျိုင်းတောင်အဖွဲ့က ရှေးမူရှေးဟန်အတိုင်း ဗောင်းအဖြူ ၊ အင်္ကျီအဖြူနှင့် ပုဆိုးဖြူဝတ်တီးသည်။ ဗောင်းမှာ တမာရွက်အစား ဗျိုင်း အတောင်ကို ထိုးကြသည်။ တူရိယာက ခေါင်စည် (၄) လုံး၊ ပလုတ် (၁) ခု၊ ဗျိုင်းတောင် (၁) လုံး၊ နှဲကြီး (၁) လက်နှင့် သံလွင်စည်တို့ဖြစ်၏။
ဤသို့ အမင်္ဂလာစည်အဖွဲ့နှင့် ဆန့်ကျင်ဘက်အဖွဲ့မှာ “မင်္ဂလာ စည်တော်ကြီး” အဖွဲ့ ဖြစ်ပါသည်။
*** *** ***
မင်္ဂလာစည်တော်ကြီးများက မင်းခမ်းမင်းနားများရှိ၍ ဘုရင်ဝင်ချိန် တွက်ချိန်များတွင် တီးခတ်ကြရသည်။ အသံဆင့်က “ထွက် တော်မူပါ ဘုရား” ဟု အော်လျှင် စည်တော်ကြီးက “ဗေပေါင် ဗေပေါင် ဗေပေါင်ထိ” ဟု တီးပေးရ၏။ ထို့အတူ “ဝင်တော်မူပါဘုရား” ဟု ဆိုလျှင်လည်း တီးပေးရသည်။
စည်တော်ကြီးမှာ တူရိယာအနေဖြင့် ဧရာမစည်ကြီး (၂) လုံး၊ ဂန္ဓာမာခေါ် ဗုံကလေးတစ်လုံး၊ လင်းကွင်းကြီးတစ်စုံပဲပါသည်။ ထိုတူရိယာ (၃) မျိုးအား လူ (၄) ယောက်က တီးခတ်ကြရ၏။
စည်တော်ကြီးတွေက ၁၉ လက်မ၊ နောက် အလျား ၄ ပေရှိပြီး မျက်နှာဝမှာ စည်ရှေ့ဘက်က ၁၃လက်မ ရှိပါသည်။ စည်ကြီး (၂) လုံးကို နဂါးရုပ်တစ်ကောင်စီ၏ ဝမ်းဗိုက်မှာ ဆွဲထားသည်။ နဂါးအမြီးတွေမှာ သိုင်းတစ်ချက်နှင့် အလံတိုင်တစ်ခုစီ ပူးချည်ထား၏။ သိုင်းတစ်ချက်နှင့် အလံတိုင်တစ်ချက်စီ ကို နဂါးမြီးတစ်ဘက်စီ၌ ပူးချည်ပြီးသောအခါ အလယ်၌ အလံတိုင် တစ်ချက် ပါရှိသည်။ စည်တော်ကြီး မျက်နှာဝကို ကြာယပ် ၃ ထပ်ဆင့် ထား၏။ ထို့ကြောင့် စည်တော်ကြီး၏ အဆောင်အယောင်မှာ သိုင်းလက် အလံ ၃ ချက်၊ ကြာ ၃ ဆင့်ဖြစ်ပါ၏။
လွယ်တီးရသော ဂန္ဓမာဗုံကလေးမှာ အရှည် ၂ ပေခန့်နှင့် မျက်နှာဝက ၈လက်မရှိပြီး၊ ကြာယပ်တစ်ခုစီကို ဗုံမျက်နှာဝ တစ်ဘက်စီ ၌ တပ်ဆင်ထားသည်။ ထို့နောက် ပန်းပွားမြိတ်ကြီးနှင့် လင်းကွင်းကြီးနှစ်ခြမ်း ပါသည်။ နောက်ပိုင်း၌မူ ဒေါက်နှင့်တင်မှုတ်ရသော ဧရာမအော်လံကြီးနှင့် နှဲကြီးတစ်လက် ထည့်သွင်းလာကြပါသည်။ စည်တော်ကြီးအဖွဲ့သား (၄) ဦး ဝတ်စားဆင်ယင်မှုမှာ ၄ ယောက်စလုံး နှစ်စထောင် ခေါင်းပေါင်း ဖော့လုံဖြူနှင့် သျှောင်နှင့်ပုဆိုးရှည် ခါးတောင်းကျိုက်နှင့် သိုရင်းပိတ်ဖြူ အင်္ကျီရှည်နှင့် ဖြစ်ပါသည်။
စည်တော်ကြီးတွင် စည်းဝါးမပါ။ သို့သော် ဂန္ဓမာဗုံကလေးက စည်းဖြစ်သည်။ ဂန္ဓမာဗုံ နှစ်ချက်၊ စည်းတစ်ချက် ဖြစ်၏။ အဖွဲ့သား (၄) ယောက်အနက် စည်တော်ကြီးကို တီးခတ်ရသော နှစ်ယောက်က စည်တီးရင်း စည်တော်ကြီးအကကို ကကြရသည်။ စည်တော်ကြီး အကဆိုတာကလည်း ဂန္ဓမာဗုံသံအတိုင်း ဘယ်ခြေ ညာလက် ကကြရတာပါပဲ။ ညာလက်မြှောက်လျှင် ဘယ်လက်က သိုရင်းအင်္ကျီ၏ ကြေးစည်တောင်ကို ဆွဲလိုက်မည်။ ဘယ်လက်မြှောက်လျှင် ညာလက်က သိုရင်းအင်္ကျီ၏ ကြေးစည်တော်ကို ဆွဲရ၏။ ခြေထောက်က ပထမ ဒူးနှစ်ဘက်ညွတ်၊ နောက် ဖနောင့်ကြွပြီး ဖြည်းဖြည်းချင်း သိုင်းကွက်နင်းသည်။
ဤသို့ဖြင့် ဖြည်းဖြည်းလေးလေးကြီး ဝေ့ကာ ဝဲကာနှင့် စည်ကြီး မျက်နှာကို “ဗိန်း” ခနဲ တီးခတ်မည့်အရေး အသည်းတယားယား စောင့်စား နေရသည်။ ဂန္ဓမာဗုံကလေးက တို့ကာ ပင့်ကာ ကော့ကာ ဗေပေါင် ဗေပေါင် ဗေပေါင်ဟု တို့ဆိတ်နေပြီး အတော်ကြာက “ဗိန်း” ခနဲ စည်ကြီးကို တစ်ချက်တီးလိုက်သည်။
ကျွန်တော်တို့ငယ်ငယ်က မြင်ဖူးသော စည်တော်ကြီးအဖွဲ့မှာတော့ ဧရာမအော်လံနှင့် နှဲကြီးတစ်လက် ပါလာပါပြီ။ သီတင်း ကျွတ်ကာလ မန္တလေးဘုရာပွဲများ၌ အကြိုနေ့ဆိုလျှင် နန်းရှေ့ မင်္ဂလာစည်တော်ကြီးအဖွဲ့ ပါလေ့ရှိ၏။ သီတင်းကျွတ်လဆန်း ၁၁ ရက်၊ ၁၂ ရက် ပွဲခင်းပြီး ၁၃ ရက်နေ့နံနက် ဆွမ်းကြီးလောင်းလှူသော အိမ်တော်ရာဘုရားပွဲတော်တွင် ၁၁ ရက်နေ့ညတွင် စည်တော်ကြီးအဖွဲ့ အမြဲတမ်းပါ၏။ စေတီတော်ရင်ပြင်၏ တနင်္ဂနွေထောင့် မယ်စယ်ပင်ကြီးအောက်မှာ လေးတိုင်စင်ကလေးဖြင့် စေတီတော်ကြီးဘက် မျက်နှာ မူကာ စည်တော်ကြီးအဖွဲ့ နေရာယူသည်။ မင်းသမီး မင်းသား မပါ၊ အဆိုမပါ၊ အကမပါသော စည်တော်ကြီးအဖွဲ့ကို အလွန်ရှေးကျသော အဘိုးကြီး အမယ်ကြီးနှင့် ရဟန်းဘုန်းကြီး အချို့လောက်သာ အာရုံစိုက် ကြည့်ရှုကြပါ၏။ စည်တော်ကြီးရှေ့ ရင်ပြင်တွင် လူစုလေးက ကျိုးတိုးကျဲတဲ။
သို့သော် ထိုစည်တော်ကြီးအဖွဲ့ကိုပင် ကျွန်တော့်မှာ မျှော်လင့် စောင့်စားရတာ အမော။ ထိုသီတင်းကျွတ်လဆန်း (၁၁) ရက်နေ့ည အိမ်တော်ရာ အရှေ့မုခ် အာရုံခံဇရပ်အနီးတွင် ပါလေ့ရှိသော “စိန်ဘညို” ဆိုင်းကို တမက်မောမော နားထောင်ချင်သော ဖခင်သည် စည်တော်ကြီး ကိုသာ ကြည့်ချင်သည့် ကျွန်တော့်အတွက် အမြဲတမ်း တဖျစ်တောက်တောက်။
(ဆက်ရန်)
