ဩဂုတ် ၁၂၊ ၂၀၂၅
Shy V (VOM)
တရုတ် နယ်စပ် လိုင်စင် ချမပေးတာ ကြာလာလို့ နယ်စပ်ကို မှီခိုသူတွေ ပိုမိုခက်ခဲလာကြောင်း နယ်စပ်ကို မှီခို အသက်မွေးဝမ်း ကျောင်း လုပ်သူတွေဆီက သိရပါတယ်။
“ကားလည်း လိုင်စင်ရှိတယ်။ တရုတ် နယ်စပ်က လိုင်စင် မချပေးဘူး။ ကြာပြီ။ ၁၀၂၇ ပထမ အကျော့ကနေ စပြီးတော့ လိုင်စင် မချပေးတော့ဘူးလေ။ ကျနော်တို့ ကျင်းစန်းကျော့မှာ မီးလောင်တဲ့ အချိန်မှာ လိုင်စင် ရှိသေးတယ်လေ အဲတုန်းက။” လို့ ကုန်တင်ယာဉ် ပိုင်ရှင် တယောက်က ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း ရှမ်းမြောက်မှာ အတက်ကားရော အဆင်းကားရော လားရှိုး ဆင်တောင်မှာ ဖမ်းနေတယ်လို့ သူက ပြောပါတယ်။
တရားမဝင် ကုန်စည် တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ မူဆယ်မှာရော လားရှိုးမှာပါ ဂိုဒေါင်တွေအထိ လိုက်လံ ဖမ်းဆီးနေတာရှိတယ်လို့ နယ်စပ် ကုန်သည် တယောက်က ပြောပါတယ်။
“ကျနော်တို့လည်း တရားဝင်ချင်တယ်လေ။ ကျနော်တို့က ဂျူတီက ဘယ်မှာ ဆောင်မှာလဲ ဟုတ်တယ် မလား။ လိုင်စင်က ဘယ်မှာ ချပေးလဲ သဘောတရားက။” လို့ သူက ပြောပါတယ်။
လားရှိုးမှာလည်း အဖွဲ့စုံ လာထိုင်နေပေမယ့် ဂျူတီ ဆောင်နိုင်ဖို့ လာထိုင်တာ မဟုတ်ပဲ ဖမ်းဆီးဖို့ လာတာပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“Import မသွင်းရင် နေပါစေအုံး။ ဒီ ပဲမျိုးစုံ နှမ်းတွေတော့ ပေးထွက်လိုက်ပေါ့ ဟုတ်တယ်မလား။ တောင်သူ လယ်သမားတွေက ဒါမှ မရောင်းရင် ဘာ သွားလုပ် မှာတုန်း။ တရုတ်နယ်စပ်မှာတော့ ဘာမှ လိုင်စင် မချပေးဘူးလေနော်။” လို့ သူက ရှင်းပြပါတယ်။
စိုက်ပျိုးရေး သွင်းအားစုတွေ ဖြစ်တဲ့ မြေဩဇာလည်း တင်သွင်းလို့မရလို့ နယ်စပ်ဒေသက စိုက်ပျိုး တောင်သူတွေလည်း အခက်ကြုံနေရတယ် လို့ဆိုပါတယ်။
ဓာတ်မြေဩဇာေတွ အရင်ထက် ဈေး သုံးဆ မက ဈေးကြီးကြီး၊ မှောင်ခိုဈေးနဲ့ ပေးဝယ်ရပြီး ထွက်လာတဲ့ စိုက်ပျိုးရေး ထွက်ကုန်လည်း ခါတိုင်းပို့နေကျ တရုတ်ဘက်ရောင်းမရ၊ ဈေးမရ ဖြစ်ပြီး လယ်သမားတွေ အရှုံးပေါ်တယ်လို့ နယ်စပ်တောင်သူတယောက်က ပြောပါတယ်။
“ကုန်တွေ အဖမ်းအဆီးများတဲ့ခါကျတော့ ကုန်မရဘူး။ ကုန်မရတော့ ကားထွက်မရဘူး။ ခေါက်ကြေးနဲ့ပဲမောင်းရတာ တလ တခေါက်တောင်မရဘူး။ ဖမ်းတာလည်း သူတို့၊ လုပ်စားတာလည်း သူတို့ပါပဲ။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
တိုင်းမှူးအဆင့်အထိ လာဘ်စားလို့ ဖမ်းဆီးခံရတာတွေ တွေ့ရတာပဲလို့ သူက ပြောပါတယ်။
နယ်စပ်ဒေသကို ရောက်လာတဲ့ တော်ရုံ ရာရှိတွေကတော့ သိပ်ကြာကြာ မခံပဲ တရုတ်လုပ်ငန်းရှင်တွေရဲ့ အိတ်ကပ်ထဲ ရောက်သွားတာတွေ ရှိတယ်လို့ နယ်စပ် ဒေသခံ တွေကပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ ကုန်စည်၊ ယာဉ်တွေ အတွက် အခွန်တွေ ဆောင်ရသေးတယ်လို့ ဆိုပါတယ်။
“ပြည်သူတွေရဲ့ ရှင်သန်မှုအတွက် မစဉ်းစားဘူး။ လူသုံးကုန်ပစ္စည်းက ဈေးကွက်ထဲ မဝင်ရင် ဈေးရောင်းတဲ့ လူရော စားသုံးတဲ့ လူရော အဆင်မပြေဘူးလေ။” လို့ နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။
ပြည်သူလူထုက ရှင်သန်ဖို့ အများကြီးကြိုးစားနေရတာ ကုန်ကြမ်း ပစ္စည်းတွေက မဝင်လာရင် စက်ရုံတွေလည်း လည်ပတ်ဖို့ မဖြစ်ဘူးလို့ သူက ပြောပါတယ်။
တရုတ်နယ်စပ်တွေပဲ မဟုတ်ပဲနဲ့ နယ်စပ်ကုန်သွယ်ရေး အားလုံးကို လိုင်စင် ချမပေးဘူးလို့ ဆိုပါတယ်။
“ရေကြောင်း သွင်းကုန် လိုင်စင်က ဦးစားပေး ၁၊ ၂၊ ၃ ဆိုပြီးရှိတယ်။ ဦးစားပေး ၁ ပို့ကုန် ရငွေ ကပ်ပြီး သွင်းကုန် လိုင်စင် ရတယ်။” လို့ သူက ပြောပါတယ်။
ဦးစားပေး ၂ က ဈေးကွက်က လိုအပ်ပေမယ့် ပြည်တွင်းမှာ ထုတ်လုပ်လို့ရတဲ့ ကုန်မို့လို့ လိုင်စင်က လျှောက်လည်း ကျချင်မှ ကျတာမျိုးရှိသလို ဦးစားပေး ၃ လိုင်စင် ကတော့ လုံးဝ ခွင့်မပြုတဲ့ လိုင်စင်မျိုးဖြစ်တယ်လို့ သူက ပြောပါတယ်။
စိုက်ပျိုးရေး ထွက်ကုန် ဆိုရင် မန္တလေး ၁၆ မိုင်မှာ အခွန်ဆောင်ပြီး တရုတ် နယ်စပ်ကို ဘက်ကို တင်ပို့လို့ရပြီး တရုတ်ဘက်ကနေ လိုင်စင် မရှိတဲ့ ဘာပစ္စည်းမှ တင်သွင်းခွင့် မပြုထားဘူးလို့ အစိုးရ ဌာနဆိုင်ရာနဲ့ နီးစပ်သူက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူဆယ် မြို့ပေါ်က နယ်စပ်ဂိတ် သုံးခုက လွဲပြီး တခြားနယ်စပ်ဂိတ်တွေက တရားဝင်ဖွင့်ထားတဲ့ ဂိတ် မဟုတ်သလို့ မူဆယ်မြို့ပေါ်က ဂိတ်တွေကနေလည်း မူဆယ်မြို့ပေါ် သုံးဖို့ လူသုံးသုံးကုန်တွေကလွဲလို့ တခြားသွင်းကုန် တင်သွင်းခွင့် မပြုထားတာ မရှိဘူးလို့ ဆိုပါတယ်။
Photo Crd# ဒေသခံ
