ဩဂုတ် ၁၂ ၊၂၀၂၅
GG (VOM)
ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ တနင်္သာရီတိုင်း၊ မြိတ် – ပုလော ပြည်ထောင်စုကားလမ်းကို ဒီနေ့ ဩဂုတ် ၁၂ ရက်ကစပြီး ကုန်ကား ၊ ကားကြီးကားသေးအားလုံးကို ဖြတ်သန်းနိုင်ပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကားကြီး ကားသေး အားလုံးစတင်ဖြတ်သန်းခွင့်ပြုတဲ့ ဒီနေ့မနက်ပိုင်း ၇ နာရီလောက် မှာ မြိတ် – ပုလောပြည်ထောင်စုလမ်းမှာရှိတဲ့ တပိုရွာအနီး ခရီးသည်တင်ကားတစီးမိုင်းထိခဲ့လို့ လမ်းခရီးပိုင်း ခေတ္တသွားလာခွင့်ပြန်ပိတ်သွားခဲ့ပေမယ် မနက် ၁၀ နာရီ ကျော်လောက်မှာတော့ လမ်းပြန်ဖွင့်ပြီး သွားလာနေကြပြီလို့သိရပါတယ်။
“အခုက ကားကြီး ကားလေးအကုန်သွားလို့ရပါပြီ။ကုန်ကားရော လူစီးကား အိမ်စီးကားရပါပြီ။မနက်က လမ်းခဏပိတ်တာက ကားတစီးမိုင်းထိလို့ပါ။မိုင်းထိတာကလူထိခိုက်မှုမရှိပါဘူး။လမ်းပြန်ဖွင့်တော့ အားလုံးအဆင်ပြေတာပေါ့ဗျာ။” လို့ ဒေသခံကပြောပါတယ်။
မြတ်- ပုလော ပြည်ထောင်စုလမ်းမကြီးကို ဇူလိုင် ၂၄ ရက်နေ့ကတည်းက စွားလာခွင့်ပိတ်ထားတာဖြစ်ပြီး လမ်းပိတ်ထားတာ ရက်ပေါင်း ၂၀ ပြည့်တဲ့နေ့မှာမှ ကားကြီးကားသေး အားလုံး ပြန်လည်သွားလာခွင့်ရရှိတာဖြစ်တယ်လို့သိရပါတယ်။
ပလမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့နဲ့ နလအ လုံခြုံရေး တပ်တွေအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာကြောင့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးရဲ့ မြိတ် – ပုလော လမ်းပိုင်းကို ဒေသတွင်းလက်ကိုင်အဖွဲ့က ယာယီပိတ်ထားခဲ့တာဖြစ်ကြောင်း ၊ လက်ရှိမှာ တိုက်ပွဲတွေ ငြိမ်သက်သွားတဲ့အတွက် မြိတ် – ပုလော လမ်းကို ပြန်လည်သွားလာခွင့် ပြုလိုက်တာဖြစ်ကြောင်း ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့က အသိပေးထားတာတွေ့ရပါတယ်။
မြိတ် – ပုလောလမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်ပေမယ့် ပလမြို့တွင်းကိုတော့ သွားလာခြင်းမလုပ်ကြဖို့ အသိပေးထားပါတယ်။
” ကားတွေ ဖြတ်လို့ရနေပါပြီ။သတိနဲ့တော့မောင်းကြပါ။ကားကိုဖြေးဖြေးမောင်းပြီး မှန်ချထားကြပါ။သတိဆိုတာပိုတယ်မရှိပါဘူး။ကုန်ကားတွေကတော့ မနေ့ကတည်းက စဖြတ်နေကြတယ်။ကားလေးတွေက ဒီနေ့မှစပြီးသွားကြတာပါ။ပလမြို့ကတော့ အကုန်ရှောင်နေကြတာ။ခုလည်းတိုက်ပွဲငြိမ်ပေမယ့် ပြန်ဝင်မရသေးဘူး။ ” လို့ မြိတ်ဒေသခံက အကြံပြုပြောပါတယ်။
အဆိုပါ ဇူလိုင် ၂၄ ရက်မှစတင်ဖြစ်ပွားခဲ့တဲ့ ပလမြို့နယ်အတွင်း တိုက်ပွဲကြောင့် လူသေဆုံးမှု ၁၅ ယောက်ထက်မနည်း ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့သလို ပလမြို့အပါ အနီးဝန်းကျင်ရှိကျေးရွာတွေမှ ပြည်သူ ထောင်နဲ့ချီပြီစစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ
