ဩဂုတ် ၁၂ – ၂၀၂၅
SS (VOM)
လတ်တလောမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်း ကျဆင်းနေပေမယ့် လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေးဘူးလို့ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
လက်ရှိမှာ ဘိလပ်မြေဈေး အပါအဝင် အိမ်ဆောက်ပစ္စည်းဈေးတွေ ကျဆင်းနေတာဖြစ်ပြီး အယ်လ်ဖာနဲ့ အပါချီ ဘိလပ်မြေ တအိတ်ကို တသောင်း ရှစ်ထောင့်ငါးရာကျပ်ဝန်းကျင်၊ SCG (ထိုင်းဆင်) ဘိလပ်မြေ တအိတ် နှစ်သောင်းလေးထောင်ကျပ်၊ ကြံ့နီ ဘိလပ်မြေ တအိတ် နှစ်သောင်းတထောင်ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် တရုတ်နိုင်ငံထုတ် သံဈေး ၁၀ မီလီမီတာ တတန်ကို ဆယ့်လေးသိန်း နှစ်သောင်းဝန်းကျင်၊ ၆ ဒသမ ၅ မီလီမီတာ ကွိုင် တသိန်းကိုးသောင်းကျပ်ဝန်းကျင်၊ ရှစ်ပေါက်အုတ်နဲ့ ဆယ်ပေါက်အုတ် တခဲ ၃၃၀ ကျပ်ဝန်းကျင်၊ လေဘောင်အုတ် တခဲ ၃၅၀ ကျပ်ဝန်းကျင်၊ သဲ တကျင်းခွဲ ကျပ် ခြောက်သောင်းဝန်းကျင်၊ ကျောက်ခဲ တကျင်းခွဲ ကျပ် တသိန်းရှစ်သောင်းဝန်းကျင် ရှိနေတယ်လို့ သိရပြီး နေရာဒေသအလိုက် ဈေးနှုန်း ကွာဟမှုတွေ ရှိနိုင်တယ်လို့ သိရပါတယ်။
“အိမ်ဆောက်ပစ္စည်း ဈေးတွေကတော့ နည်းနည်းချင်းစီနဲ့ အကျဘက်ကို သွားနေတယ်။ သံချောင်းတွေကလည်း စျေးကျပြီးတော့ ငြိမ်နေတယ်။ လောလောဆယ်တော့ သံချောင်းဈေးက ထပ်မကျသေးဘူး။ ကျွန်တော့်အထင် ပစ္စည်းတွေ အားလုံးကတော့ ဈေးထပ်ကျလိမ့်ဦးမယ် ထင်တယ်” လို့ အိမ်ဆောက်ပစ္စည်း ရောင်းချသူတယောက်က ပြောပါတယ်။
လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်း အများစုဟာ ပြီးခဲ့တဲ့ မတ်လအတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကုန်ကြမ်းပစ္စည်း စျေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့တာကြောင့်အပြင် အစိုးရဲ့ ငလျင်ဒဏ်ခံနိုင်ရည် သတ်မှတ်ချက်အဆင့် ရှိရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ရပ်နားထားရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ တဖြည်းဖြည်းချင်း ဈေးပြန်လည် ကျဆင်းလာနေပြီ ဖြစ်ပေမယ့် လုပ်ငန်း ပြန်လည် လည်ပတ်နိုင်ဖို့အတွက် အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်တယ်လို့ ဆောက်လုပ်ရေး အင်ဂျင်နီယာတယောက်က ပြောပါတယ်။
“ကန်ထရိုက်နဲ့ယူထားတဲ့ တိုက်တွေဆိုရင် အခုကုန်ကြမ်းပစ္စည်း ပေါက်စျေးနဲ့ ဘယ်လိုမှမကိုက်သေးဘူးလေ။ အဲဒီတော့ ဈေးဆက်ကျဦးမလား စောင့်နေကြတာ။ ဆောက်လုပ်ရေးလုပ်ငန်း ဆိုတာကလည်း အရင်းအနှီးက အရမ်းများတယ်။ ရပ်သွားပြီးရင်လည်း ပြန်ထဖို့အတွက် အချိန်ရော၊ အရှိန်ပါ ယူရပါတယ်။ လက်ရှိကတော့ မဖြစ်မနေ ဆောက်ပေးရမယ့် အဆောက်အအုံတွေကိုပဲ ဆောက်ပေးနေကြတာ ရှိတယ်။ ဒါကလည်း အနည်းစုပါ။ အချိန်ဆွဲလို့ရတာဆိုရင် စျေးပြန်ကျတဲ့အချိန်မှ ဆက်ဆောက်ရမှာပေါ့” လို့ သူက ပြောပါတယ်။
ဒါအပြင် အစိုးရအနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်မှုအပြီး မြန်မာတနိုင်ငံလုံးရှိ အဆောက်အအုံတွေ တည်ဆောက်ရာမှာ ငလျင်ဒဏ် ပြင်းအား ၈ အဆင့်အထိ ခံနိုင်ရည် ရှိရမယ်လို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
အဆိုပါ ညွှန်ကြားချက်ကြောင့်လည်း မေလလဆန်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့ရှိ ဆောက်လုပ်နေဆဲ အဆောက်အအုံ အများစု ရပ်နားထားရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ငလျင်ပြင်းအား ၈ အဆင့်အထိ ခံနိုင်ရည် ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်က တကယ်တမ်းကျ လက်တွေ့မဆန်ဘူး။ ဒီ အဆောက်အအုံတလုံး ခိုင်ခံ့မှုရှိဖို့က ကုန်ကြမ်းပစ္စည်းတွေရဲ့ အရည်အသွေးပေါ်မှာပဲ မူတည်တာ။ အစိုးရအနေနဲ့က ဒါတွေနဲ့ ပတ်သက်လို့ အရည်အသွေးပိုင်း ထိန်းချုပ် စစ်ဆေးတာတွေ မရှိဘူး။ အဲဒီလို စိစစ်မှု မရှိသရွေ့ကတော့ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတလုံး ဖြစ်ဖို့ ဘယ်လောက်ပဲ ခိုင်ခံ့အောင် ဆောက်ပါစေ ဖြစ်မလာနိုင်ဘူး” လို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ တယောက်က ပြောပါတယ်။
အခုလို ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်နားထားရမှုကြောင့် အဆိုပါလုပ်ငန်းအပေါ် မှီခိုနေရတဲ့ အခြေခံ လုပ်သားတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းတခုလုံးမှာလည်း စီးပွားရေးအရ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Photo – CJ
