ဆိုးလ်၊ ဩဂုတ်-၁၅-၂၀၂၅
မျိုးဆက်(VOM)
တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားရဲ့ နိုင်ငံရေးစနစ်ကို လေးစားကြောင်းနဲ့ နှစ်နိုင်ငံ စစ်ရေးယုံကြည်မှု ပြန်လည်တည်ဆောက်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဂျပန်အုပ်ချုပ်မှုကနေ လွတ်မြောက်တဲ့နှစ်ပတ်လည်နေ့မှာ ကျင်းပတဲ့ အခမ်းအနားမှာ သူက ခုလို ကတိပြုခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမ ကင်ယိုဂျုံက တောင်ကိုရီးယားနဲ့ ဆက်ဆံရေးတိုးတက်ဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ ပြောလိုက်တဲ့ နောက်တရက်မှာ တောင်ကိုရီးယား သမ္မတက ပြောကြားခဲ့တာပါ ။
တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားနဲ့ တင်းမာမှုလျှော့ချဖို့နဲ့ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဇွန်လကရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် လီဂျေးမြောင်က နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားနဲ့ ကန့်သတ်ချက်မရှိဘဲ ဆွေးနွေးမယ်လို့ ကတိပေးထားပါတယ်။ ဒါဟာ ယခင်သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ မဟာဗျူဟာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။
သြဂုတ် ၁၅ ရက်ဟာ မြောက်နဲ့တောင်ကိုရီးယား နှစ်နိုင်ငံစလုံးမှာ တူညီတဲ့ တခုတည်းသော အများသူငှာရုံးပိတ်ရက်ဖြစ်ပါတယ်။ လီဂျေးမြောင်က မြောက်ကိုရီးယားနဲ့ ရန်လိုတဲ့လုပ်ရပ်တွေ လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး လို့ ပြောပါတယ်။
“မြောက်ကိုရီးယားက ကျွန်တော်တို့ရဲ့ ယုံကြည်မှုပြန်လည်တည်ဆောက်ရေးနဲ့ ဆွေးနွေးပွဲပြန်စဖို့ ကြိုးစားမှုတွေကို အလားတူပြန်လည်တုံ့ပြန်မယ်လို့ မျှော်လင့်တယ်” လို့ သမ္မတ လီဂျေးမြောင်က ပြောပါတယ်။
ကင်ယိုဂျုံက မြောက်ကိုရီးယားဟာ နယ်စပ်မှာ ဝါဒဖြန့် အသံချဲ့စက်တွေ ဖြုတ်နေတယ်ဆိုတဲ့ တောင်ကိုရီးယားရဲ့ ပြောဆိုချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ တောင်ကိုရီးယားစစ်တပ်ကတော့ နှစ်နိုင်ငံ စစ်မဲ့ဇုန်တလျှောက်မှာ အသံချဲ့စက်တွေနဲ့ ဝါဒဖြန့် ထုတ်လွှင့်တာတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ဇွန်လအတွင်းမှာ ကြေညာခဲ့ပါတယ်။
Ref:CNA
Photo:Reuters