လှိုင်သာယာနဲ့ မြောက်ဥက္ကလာပ မြို့နယ်မှာ ပေါက်ကွဲမှု ဖြစ်၊ သုံးယောက် ဒဏ်ရာ ရ

ဩဂုတ် ၁၅ – ၂၀၂၅
SS (VOM)
ရန်ကုန်မြို့ရှိ လှိုင်သာယာနဲ့ မြောက်ဥက္ကလာပ မြို့နယ်တို့မှာ မနေ့ ဩဂုတ် ၁၄ ရက်၊ ညပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး သုံးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ‌ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
လှိုင်သာယာမြို့နယ် ဖြစ်စဉ်မှာ မနေ့ည ၁၀ နာရီဝန်းကျင်က (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် သုံးယောက် မီးလောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“အဲဒီအချိန် ရပ်ကွက်ရုံးမှာ ရွေးကောက်ပွဲအတွက် အစည်းအဝေး ထိုင်နေကြတယ်လို့ သိရတယ်။ အဲဒီ အစည်းအဝေးအတွက် လုံခြုံရေးယူပေးထားတဲ့ စစ်သားနဲ့ ရဲတွေလည်း အပြင်မှာ ရှိနေတယ်။ ပေါက်ကွဲသံလည်း ထွက်လာပြီးရော သေနတ်သံ သုံးချက်လည်း ကြားရတယ်။ နောက်တော့ လူနာတင်ကားသံတွေ၊ အော်ဟစ် ဆဲဆိုနေတဲ့ အသံတွေလည်း ကြားရတယ်။ တရပ်ကွက်လုံး ဆူညံသွားတာ” လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြို့ပြကြွက်နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ မနေ့ ဩဂုတ် ၁၄ ရက်၊ ညပိုင်းမှာ သတင်း ထုတ်ပြန်ထားပြီး ပြင်းအားမြင့် မိုင်းတွေကို အသုံးပြုခဲ့တာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
အလားတူ မြောက်ဥက္ကလာပ မြို့နယ်က မြို့မရဲစခန်းမှာလည်း မနေ့ည ၇ နာရီခွဲဝန်းကျင်က ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေက နွယ်သာကီ၊ ခေမာသီ၊ သုနန္ဒာ အရှိစတဲ့ လမ်းတွေအပြင် အဆိုပါ အနီးတဝိုက်ရှိ လမ်းတွေကို ပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို ရပ်ကွက်တွေအတွင်း ဧည့်စာရင်း စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် နလအ စစ်ရေး သတင်းရင်းမြစ်တွေကတော့ အဲဒီ ပေါက်ကွဲမှုဟာ အသံဗုံး နှစ်လုံးသာဖြစ်ပြီး ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ရေးသား ဖော်ပြထားကြပါတယ်။
ရန်ကုန်မြို့မှာ အခုလို ပေါက်ကွဲမှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကလည်း ကမာရွတ်မြို့နယ် ရဲစခန်းမှာ လက်ပစ်ဗုံးနှစ်လုံး ကျရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကလည်း သန်လျင်မြို့နယ်၊ သံလျင်တံတားအဆင်း လက်မှတ်ဂိတ် မှတ်တိုင်အနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဧပြီလ ၇ ရက်နေ့က မင်္ဂလာဒုံ တပ်နယ်မှူးရုံး၊ မတ်လ ၃ ရက်က ရွှေပြည်သာရဲစခန်း၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မှော်ဘီ ရဲတပ်ဖွဲ့မှူးရုံးနဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ထောက်ကြန့်ရဲစခန်းတို့မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW