ဒိုဟာ၊ ဩဂုတ်-၁၉-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာစစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီး အီဂျစ်၊ ကာတာတို့ရဲ့ နောက်ဆုံးအဆိုပြုချက်ကို ဟားမတ်စ်အဖွဲ့ က သဘောတူညီခဲ့တယ်လို့ ဟားမတ်စ်သတင်းရင်းမြစ်တယောက်က ပြောပါတယ်
ဒီအဆိုပြုချက်ဟာ အမေရိကန်သံတမန် စတိဗ်ဝစ်ကော့ဗ် မှ ဇွန်လက တင်ပြခဲ့တဲ့ အဆိုပြုချက် မူဘောင်အပေါ် အခြေခံထားပါတယ်။ အဆိုပြုချက်အရ ဟာမတ်စ်က ကျန်ရှိနေတဲ့ အစ္စရေးဓားစာခံ ၅၀ အနက် အသက်ရှင်နေတယ်လို့ ယူဆရသူ အယောက် ၂၀ အပါအဝင် တဝက်ခန့်ကို ရက် ၆၀ ကြာ စစ်ချုပ်ငြိမ်းချမ်းရေးကာလအတွင်း နှစ်ကြိမ်ခွဲပြီး လွှတ်ပေးမည်ဖြစ်ပြီး အမြဲတမ်းစစ်ရပ်စဲရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်မှာဖြစ်ပါတယ်။
အစ္စရေးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းစွာ တုံ့ပြန်တာမျိုးမရှိသေးပါဘူး ။ ဓားစာခံအားလုံးကို တပြိုင်နက်လွှတ်ပေးမှသာ အဆိုပြုချက်ကို သဘောတူမယ်လို့ ဝန်ကြီးချုပ်ရုံးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
ဟားမတ်စ်တို့က အဆိုပြုချက်ကို သဘောတူညီကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ထုတ်ပြန်တဲ့ မိန့်ခွန်းမှာတော့ နေတန်ယာဟုက ဒီကိစ္စအပေါ် တိုက်ရိုက်မှတ်ချက်မပြုဘဲ ဟားမတ်စ်တို့ဟာ ဖိအားကြီးကြီး ရှိနေတေယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ၂၂ လကြာ ဂါဇာစစ်ပွဲမှာ စစ်ဆင်ရေးတွေ တိုးချဲ့ဖို့ အစ္စရေးက လုပ်ဆောင်နေပြီးဂါဇာမြို့တော် မြေပြင်သတင်းရင်းမြစ်တွေကတော့ အစ္စရေးတင့်ကားတွေဟာ လေကြောင်း ကျောထောက်နောက်ခံနဲ့အတူ တောင်ပိုင်း ဆာဘရာဒေသကို ရုတ်တရက်ချဉ်းကပ်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ ရာနဲ့ချီပြီး ခိုလှုံနေတဲ့ ကျောင်းတွေနဲ့ ကုလသမဂ္ဂကြီးကြပ်တဲ့ ဆေးရုံတခုကို ဝိုင်းရံထားကြောင်း ပြောကြားခဲ့ပါတယ်။
ယခုအပတ်နှောင်းပိုင်းမှာတော့ အစ္စရေးအစိုးရအဖွဲ့ဟာ ဂါဇာမြို့တော်ကို သိမ်းပိုက်ဖို့ စစ်တပ်၏အစီအစဉ်ကို အတည်ပြုဖို့ရှိနေပြီး ပြင်းထန်လာတဲ့ အစ္စရေးတိုက်ခိုက်မှုတွေကြောင့် လူထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပြီးခဲ့တဲ့လက ဟားမတ်စ်နဲ့ စစ်ရပ်စဲရေးဆွေးနွေးမှုတွေ ပျက်ပြားခဲ့ပြီးနောက် ပါလက်စတိုင်း ၂ ဒဿမ ၁ သန်း နေထိုင်ရာ ဂါဇာဒေသအားလုံးကို သိမ်းပိုက်ဖို့ အစ္စရေးရဲ့ ရည်မှန်းချက်ကို ဝန်ကြီးချုပ်နေတန်ယာဟုက ကြေညာခဲ့ပါတယ်။
Ref:BBC
Photo:AFP
