ဩဂုတ် ၂၀ ၊၂၀၂၅
GG (VOM)
ကယားပြည်နယ်၊ဒီမောဆိုမြို့ကို နလအ တပ်ကပြန်လည်ထိန်းချုပ်လိုက်ပေမယ့် တိုက်ပွဲတွေဆက်ရှိနေသလို ဖားဆောင်မြို့နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေကာ လေကြာင်းတိုက်ခိုက်မှုရှိနေပြီး သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိနေတယ်လို့သိရပါတယ်။
ဒီမောဆိုမြို့ကို ဩဂုတ် ၁၉ ရက်နေ့မှာ စစ်တပ်က အပြည်အဝပြန်လည်ထိန်းချုပ်လိုက်တာဖြစ်ကြောင်း နလအ သတင်းထုတ်ပြန်မှုအရသိရပါတယ်။
” ဒီမောဆိုမြို့ ကို စစ်တပ်ကပြန်ထိန်းချုပ်သွားတာဟုတ်ပါတယ်။ဒါပေမယ့်တိုက်ပွဲကရှိနေတုန်းပဲ။ပစ်ခတ်မှုတွေရှိနေတယ်။အရင်ရင်ကတည်း တိုက်ပွဲကပြင်းထန်နေတာ စစ်တပ်ဘက်က လက်နက်ကြီးလက်နက်ငယ်၊လေကြာင်းအကုန်သုံးတိုက်လာတာတွေ့ရတယ်။” လို့ ဒီမောဆိုမြို့နယ်ရှိ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။
ဒီမောဆိုမြို့ကို စစ်တပ်မှ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဩဂုတ်လ ၄ ရက်နေ့မှစပြီး စနစ်တကျ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ၊ အဆိုပါတိုက်ပွဲအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူတွေရှိခဲ့သလို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဘက်ကလည်း ခြောက်ယောက်သေဆုံးခဲ့တယ်လို့ နလအ သတင်းထုတ်ပြန်မှုအရသိရပါတယ်။
မြို့ကိုထိန်းချုပ်ပြီးနောက် လွိုင်ကော် – ဒီမောဆိုလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ မြို့တွင်းရှိ ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်နဲ့ အဆောက်အဦတွေကို ပြန်လည်ပြုပြင်တည်ဆောက်ရေးကို ဒေသခံတွေနဲ့ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်သလို နယ်မြေလုံခြုံရေး နဲ့ မိုင်းရှင်းလင်းရေးကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်မှုအရသိရပါတယ်။
ဖားဆောင်းမြို့နယ်မှာတော့ စစ်တပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၁၃၅ တပ်ရင်းကို သိမ်းပိုက်နိုင်ရေး ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေက အပြင်းအထန်တိုက်ခိုက်နေတာဖြစ် ပြီး နလအဘက်ကလည်း စစ်တပ်တပ်ရင်းစခန်း လက်မလွှတ်ရရေးအတွက် မြေပြင် ပစ်ခတ်မှုအပြင် လေကြောင်းကနေပါ တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
ဒီနေ့ ဩဂုတ် ၂၀ ရက်နေ့မနက်ပိုင်းမှာပင် ဖားဆောင်းမြို့နယ်ထဲက မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ နဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ကနဦး သတင်းအရသိရပါတယ်။
” မနက် ၆ နာရီကျော်လောက်မှာ လိုခါးလိုရွာဘက်မှာကြဲသွားတယ်။သေဆုံးရှိသလို ဒဏ်ရာရ စာရင်းမသိရသေးဘူး။အရင်ရက်ကလည်း လိုခါးလိုကဆေးရုံပေါ်ကြဲချသေးတယ်။ဖားဆောင်းမှာက တိုက်ပွဲကပြင်းထန်နေတော့ လေကြာင်းက ဆက်တိုက်လာကြဲနေတာ။ဖားဆောင်းကအခုလက်ကျန် တပ်စခန်းတခုပဲရှိတော့တာ။အဲဒီစခန်းကျရင် ဖားဆောင်းကလက်လွှတ်ရပြီဆိုတော့ အပြင်းအထန်ကာကွယ်နေတဲ့သဘောရှိတယ်။” လို့ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။
ဖားဆောင်းမြို့နယ် တိုက်ပွဲမှာ နှစ်ဖက်အကျဆုံးရှိနေတဲ့အပြင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့က မြို့ကိုသိမ်းပိုက်နိုင်ရေးနဲ့ တဖက် စစ်တပ်ကလည်း မြို့ကိုလက်မလွှတ်ရရေးအတွက် အပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲက ပိုပြီးပြင်းထန်လာနေတာဖြစ်တယ်လို့သိရပါတယ်။
မော်ချီးဒေသမှာ ဩဂုတ် ၁၇ ရက်နေ့ကလည်းလေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသူ ၃၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ရှစ်ယောက်ရှိခဲ့ပါတယ်။
အလားတူ ဩဂုတ် ၁၉ ရက်နေ့တုန်းကလည်း မော်ချီးဒေသမှာ လေကြောင်းကနေဗုံးကြဲ ခံရပြီး ထိခိုက်ဒဏ်ရာရသူ သုံးယောက်ရှိခဲ့တယ်လို့သိရပါတယ်။
Photo: CJ