ဩဂုတ် ၂၈ – ၂ဝ၂၅
KKO(VOM)
ယခုသီတင်းပတ်အတွင်းမှာ သွားရောက်မယ့် နလအ ဥက္ကဌ ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်းမှာ တရုတ်သမ္မတနဲ့ တွေ့ဆုံဖို့ရှိနေတယ်လို့ ဒီကနေ့(ဩဂုတ် ၂၈ ရက်)မှာ နလအ ပြန်ကြားရေးက သတင်းထုတ်ပြန်လိုက်ပါတယ်။
တရုတ်သမ္မတ H.E. Mr. Xi Jinping ရဲ့ဖိတ်ကြားမှုအရ SCO ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့နဲ့ဂျပန်ကိုစစ်အောင်နိုင်မှုနှစ်(၈၀)ပြည့်အခမ်းအနားတက်ရောက်ဖို့ နလအ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ဖို့ရှိနေတာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နလအ ဥက္ကဌ ရဲ့ယခုတရုတ်ပြည်ခရီးစဉ်နဲ့ ပတ် သက်လို့ တရုတ်-မြန်မာအရေးကို လေ့လာသုံးသပ်သူတယောက်ကတော့ သူရဲ့အမြင်ကို အခုလို ပြောပြခဲ့ပါတယ်။
“ပြည်တွင်းမှာ နိုင်ငံရေး၊စစ်ရေးအခြေအနေတွေပြောင်းလဲနေသလို ကမ္ဘာ့နိုင်ငံရေးမှာလည်းအ ခြေအနေတွေကပြောင်းလဲနေပါပြီ။တရုတ်နဲ့ အိန္ဒိယတောင်အခြေအနေပြောင်းနေပါပြီ။မြန်မာ့အစိုးရကလည်းပြောင်းလဲလာတဲ့ အခြေအနေကိုမူတည်ပြီးကစားနေတာသိသာလှပါတယ်။”လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူတယောက်က VOM ကို ပြောပါတယ်။
အဲဒီအလုပ်သဘောခရီးစဉ်အတွင်း နလအ ဥက္ကဌဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထျန်းကျင်းမြို့မှာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး(Shan ghai Cooperation Organisation SCO SUMMIT 2025)သို့ တက်ရောက်သွားမယ်လို့လည်း သိရပါတယ်။
ဒါအပြင် ပေကျင်းမြို့မှာ ကျင်းပပြုလုပ်မယ့် တရုတ်ပြည်သူတွေရဲ့ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအ နားကိုလည်း နလအ ဥက္ကဌ က တက်ရောက်မယ်လို့ ဆိုပါတယ်။
ဒါအပြင် ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်နိုင်ငံရှိအထင်ကရနေရာတွေကို ကြည့်ရှုလေ့လာခြင်း၊ ပညာရေးကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်ငန်းကဏ္ဍနဲ့ စီးပွားရေးကဏ္ဍ အစရှိတဲ့နေရာတွေကိုလည်းသွားရောက်လေ့လာဖို့ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
နလအ ဘက်ကတော့ ယခုခရီးစဉ်အတွင်းနှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည် ရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဖွံ့ဖြိုးတိုးတက် ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
နလအ ဥက္ကဌ ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာ လအတွင်းမှာ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး (၁)ကြိမ်သွားရောက်ခဲ့ပြီး ယခု ၂ဝ၂၅ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံသို့အလုပ်သဘောအနေနဲ့ ချစ် ကြည်ရေးခရီးတကြိမ်ထပ်မံသွားရောက်ဖို့ ရှိနေတာဖြစ်ပါတယ်။
Photo – နလအ သတင်းထုတ်ပြန်ရေးအဖွဲ့။
