မူးယစ်ဆေးစွဲနေတဲ့ လူအစုလိုက်အပြုံလိုက်ကို မိုးညှင်းမြို့အစပ်မှာ လာရောက်စွန့်ပစ်

ဩဂုတ် ၂၉ ၊ ၂၀၂၅
GG (VOM )
ကချင်ပြည်နယ်၊ မိုးညှင်းမြို့အစပ်မှာ မူးယစ်ဆေးဝါးစွဲနေတဲ့ လူအယောက် ၆၀ လောက်ကို ကားတစီးနဲ့ လာရောက်စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့တယ်လို့ မိုးညှင်းမြို့ခံတွေဆီက သိရပါတယ်။
စွန့်ပစ်ခံခဲ့ရတဲ့အမျိုးသားတွေနဲ့အမျိုးသမီးတွေဟာ မိုးညှင်းမြို့ထဲမှာ လှည့်လည်တောင်းရမ်းစားသောက်ခြင်း ၊ ကြုံရာကျပန်းအလုပ်လုပ်ကိုင်ခြင်း ၊ ပစ္စည်းလိုက်လံခိုးယူခြင်း စတာတွေလုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုကာရှင်သန်နေကြတယ်လို့သိရပါတယ်။
” မြို့အစပ်နားမှာ လူအယောက် ၅၀ ၊ ၆၀ လောက်ရှိတာကို ကားနဲ့လာပစ်သွားတယ်။ကျပန်းပန်းရံဘာညာလုပ်ကိုင်စားသူရှိသလို တောင်းရမ်းစားနေတာလည်းရှိတယ်။တချို့လည်း လိုက်ခိုးနေတာမျိုးပေါ့။ဘယ်သူတွေက ဘာကြောင့်လာပစ်သွားတယ်ဆိုတာ သေချာမသိကြဘူး။ဆေးစွဲသူတွေဆိုတော့ကျန်းမာရေးမကောင်းသူတွေလည်းပါတာပေါ့။” လို့ မြို့ခံကပြောပါတယ်။
လက်ရှိမှာ စွန့်ပစ်ခံခဲ့ရတဲ့ အဆိုပါမူးယစ်ဆေးစွဲသူတွေဟာ ကြုံရာကျပန်း အဆင်ပြေရာမှာနေထိုင်နေကြတယ်လို့သိရပါတယ်။
” ဟုတ်တယ် ။ဆေးသမားတွေလမ်းတိုင်းမှာတွေ့နေရတယ်။အမှိုက်ပစ်ပေးမယ် မုန့်ဖိုးလေးပေးပါဆိုပြီး လာတောင်းကြတယ်။ဘယ်ကဘယ်လိုလာပစ်ကြတယ်တော့မသိပါဘူး။ဒီလောက်လူအများကြီးကို ဘယ်လိုသယ်လာပြီး ဂိတ်တွေဘယ်လိုဖြတ်ပြီး လာပစ်သလည်းမသိဘူး။ ” လို့မြို့ခံနောက်တယောက်ကပြောပါတယ်။
မိုးညှင်းမြို့နယ်ထဲကို ယခုလို မူးယစ်ဆေးသုံးစွဲသူတွေ အစုလိုက်အပြုံလိုက် လာရောက်စွန့်ပစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းစစ်ဆေးခြင်း ၊အရေးယူခြင်းတွေ လုပ်ဆောင်မှုမရှိဘူးလို့ ဒေသခံ​တွေဆီကသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW